ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဆော်ဒီစူပါလိဂ်ရဲ့ ထိပ်သီးကလပ် အယ် နက်ဆာဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ဆော်ဒီလိဂ်ရဲ့ ဖေဖော်ဝါရီလ တလတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၃၈နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ကစားသမား တဦး အဖြစ် အယ် နက်ဆာဆီ ၂ရာသီစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Mirror

ရိုနယ်ဒိုက အယ် နက်ဆာမှာ ကမ္ဘာ့စံချိန်တင် လုပ်ခလစာ တရပ် ဖြစ်တဲ့ တနှစ် လုပ်ခလစာ ပေါင် ၁၇၃သန်း အထိ ရရှိနေပြီး ရိုနယ်ဒို တယောက် အယ် နက်ဆာဆီ ပြောင်းရွှေ့ခဲ့တာဟာ ငွေကြေးကြောင့်လို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပေမယ့် ရိုနယ်ဒိုကတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ အယ် နက်ဆာကို ယခင်ထက် ပိုကောင်းတဲ့ အသင်းတသင်း ဖြစ်လာအောင် ကူညီနိုင်ကြောင်းကို သွင်းဂိုးတွေနဲ့ သက်သေပြနေပါတယ်။

ရိုနယ်ဒိုက ဖေဖော်ဝါရီလ အတွင်းမှာ အယ် နက်ဆာ အတွက် ဆော်ဒီလိဂ်ပွဲ ၄ပွဲ ပါဝင် ကစားပေးခဲ့ရာ ဟက်ထရစ် ၁ကြိမ် အပါအဝင် သွင်းဂိုး ၈ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ အယ် နက်ဆာက နိုင်ပွဲတွေ ရရှိနေတာလို့ ပြောရင်လည်း မမှားပါဘူး။

Photo Credit: Mirror

ရိုနယ်ဒိုက အယ် နက်ဆာနဲ့အတူ အံ့မခန်း ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့်ပဲ ဆော်ဒီလိဂ်ရဲ့ ဖေဖော်ဝါရီလ တလတာ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပြီး အယ် နက်ဆာရဲ့ ပရိသတ်တွေကတော့ ရိုနယ်ဒိုဟာ ဆော်ဒီလိဂ်ရဲ့ ရွှေဖိနပ်ဆုကို စံချိန်တင် သွင်းဂိုးပမာဏနဲ့ ရယူပြလိမ့်မယ်လို့ ကြွေးကြော်နေကြပါတယ်။