ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက AFC ချန်ပီယံလိဂ် ပွဲစဉ်အတွင်း လည်ပင်း ဒဏ်ရာရရှိခဲ့ပေမယ့်လည်း အခု သက်သာလာခဲ့ပြီဖြစ်လို့ အယ်လ်ဟီလာအသင်းနဲ့ ပွဲစဉ်ကိုတော့ ပါဝင် ကစားသွားနိုင်မယ်လို့ သိရပါတယ်။

အသက် (၃၇)နှစ်အရွယ် GOAT ကြီး ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ မရှိမဖြစ် အရေးပါလှတဲ့ ကစားသမား ဖြစ်နေပြီး ဒီရာသီ ဆော်ဒီလိဂ်မှာလည်း ဂိုးသွင်း အများဆုံး နဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားလည်း ဖြစ်နေရပါတယ်။

Photo Credit : Al Nassr Zone

မကြာခင်မှာပဲ (၃၈)နှစ် ပြည့်တော့မယ့် ဝါရင့် ပေါ်တူဂီ ကစားသမားကြီး ရော်နယ်လ်ဒိုက ဒီ ၂၀၂၃ခုနှစ်အတွင်းမှာ ဂိုးတွေ များစွာ သွင်းယူထားနိုင်ခဲ့ပြီး အယ်လ်နာဆာအတွက်လည်း ဒီရာသီမှာ ပြိုင်ပွဲစုံ (၁၉)ပွဲကစား (၁၈)ဂိုးသွင်း (၉)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒီလို အသင်းအတွက် အရေးပါတဲ့ ရော်နယ်လ်ဒိုက ပါဆီပိုလစ်အသင်းနဲ့ AFC ချန်ပီယံလိဂ်ပွဲမှာ လည်ပင်းဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဒီတစ်ပတ်ထဲ အယ်လ်ဟီလာအသင်းနဲ့ ရင်ဆိုင်ရမယ့် ဆော်ဒီပရိုလိဂ် ပွဲစဉ်အတွက် ပါဝင်နိုင်ဖို့ သံသယ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Al Nassr Zone

ဒါပေမယ့်လည်း နောက်ဆုံး ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ရော်နယ်လ်ဒိုဟာ အသင်းလိုက် လေ့ကျင့်ခန်း မဆင်းနိုင်သေးပေမယ့် တစ်ဦးတည်း လေ့ကျင့်ခန်းတွေ လုပ်ဆောင်လျက် ရှိနေပြီး လာမယ့် စနေနေ့မှာ ဇယားထိပ်က အယ်လ်ဟီလာနဲ့ ပွဲစဉ်အတွက်လည်း ပါဝင်ကစားသွားဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ လက်ရှိမှာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားအတွင်း အဆင့် (၂)နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံးက အယ်လ်ဟီလာနဲ့ (၄)မှတ် ကွာဟနေတာကြောင့် ဒီပွဲမှာ မဖြစ်မနေ နိုင်ပွဲရယူသွားဖို့ လိုအပ်နေပါတယ်။