ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့ရဲ့ အယ်လ်နာဆာအသင်းကို ဆော်ဒီလိဂ်ချန်ပီယံဆုဖလား ရယူနိုင်ဖို့အတွက် အသင်းဟောင်း ရီးယဲလ် မက်ဒရစ်ရဲ့ တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူပေးဖို့ တိုက်တွန်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက်(၄၀)အရွယ် ရော်နယ်လ်ဒိုဟာ မကြာသေးမီကမှ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပြီး သူ့ရဲ့အသင်းဟာ ပြီးခဲ့တဲ့ ဆော်ဒီ ပရိုလိဂ်ရာသီမှာ အဆင့် ၃ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ရီးယဲလ် မက်ဒရစ်နဲ့ သုံးနှစ်စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရိုဒရီဂိုဟာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ အပြင်းအထန် ထွက်ပေါ်နေပါတယ်။ သူ့ကိုခေါ်ယူဖို့ အလားအလာအများဆုံး အသင်းကတော့ အာဆင်နယ် ဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမဲ့ ရော်နယ်ဒိုက ရိုဒရီဂိုကို အင်္ဂလန်အစား ဆော်ဒီအာရေဗျကို ပြောင်းရွှေ့လာဖို့အတွက် အယ်လ်နာဆာအသင်းရဲ့ တာဝန်ရှိသူတွေကို တိုက်တွန်းပြောဆိုနေတယ်လို့ သိရပါတယ်။ Sky Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ ရော်နယ်လ်ဒိုက ရိုဒရီဂိုကို အသင်းအတွက် အဓိကလိုအပ်တဲ့ ကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီးနောက် အယ်လ်နာဆာအသင်းရဲ့ တာဝန်ရှိသူတွေက ရိုဒရီဂိုရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် ရိုဒရီဂိုဟာ ရီးယဲလ်အတွက် (၆)ရာသီကြာ ကစားခဲ့ပြီး စပိန်ထိပ်တန်းကလပ်အတွက် ပြိုင်ပွဲစုံ (၂၆၉)ပွဲမှာ (၆၈)ဂိုးအထိ သွင်းယူပေးထားနိုင်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ရီးယဲလ် မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဇာဘီ အလွန်ဆိုရဲ့ လက်အောက်မှာတော့ ပထမဆုံးပွဲစဉ် (၅)ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲသာ ရွေးချယ်ခံခဲ့ရပြီး အလွန်ဆိုက သူ့ကို ယခုနွေရာသီမှာ ရောင်းထုတ်ဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

Photo Credit : Goal

အာဆင်နယ်နဲ့ အယ်လ်နာဆာ နှစ်သင်းစလုံးဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေကြပြီး ရိုဒရီဂိုကိုလည်း အပြိုင်ပစ်မှတ်ထားနေကြပါတယ်။ အယ်လ်နာဆာအသင်းဟာ ရိုဒရီဂိုအပြင် လီဗာပူးလ်တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်နဲ့ အာဆင်နယ်တောင်ပံကစားသမား ဂါဘရီရယ် မာတင်နယ်လီတို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ ယုံကြည်ရပါတယ်။

လူးဝစ် ဒီယက်ဇ်ကတော့ အန်ဖီးလ်မှာပဲ ဆက်ရှိနေဖို့ သေချာနေပြီး တကယ်လို့ ရိုဒရီဂိုသာ အာဆင်နယ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် အယ်လ်နာဆာအတွက် မာတင်နယ်လီကို ခေါ်ယူဖို့က ပိုပြီး ဖြစ်နိုင်ခြေရှိလာမှာ ဖြစ်ပါတယ်။