အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို အီရန်ကလပ် ပါဆီပိုလစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ AFC ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ သူ့ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ပယ်ဖျက်ပေးဖို့ ရော်နယ်လ်ဒို ကိုယ်တိုင် ဒိုင်လူကြီးကို တောင်းဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ရော်နယ်လ်ဒိုက ပင်နယ်တီ ဧရိယာအတွင်း ဖြတ်ထုတ်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရလို့ ကွင်းလယ်ဒိုင်ပါ ဒီဖြတ်ထုတ်မှုအတွက် ပင်နယ်တီ သတ်မှတ်ပေးခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ ဒါဟာ ပင်နယ်တီ မဟုတ်ကြောင်း ဒိုင်ကို သွားရောက် ရှင်းပြခဲ့ပါတယ်။

Photo Credit : Bleacher Report X

ရော်နယ်လ်ဒိုရဲ့ အားကစားသမားကောင်း ပီသလွန်းလှတဲ့ အပြုအမှုကြောင့် ပြိုင်ဘက်အသင်း ကစားသမားတွေပါ ရော်နယ်လ်ဒိုကို လေးစားမှုတွေ ပြသခဲ့ကြပြီး ပင်နယ်တီ တကယ်ဟုတ်မဟုတ် VAR နဲ့ စစ်ဆေးရာမှာလည်း ပင်နယ်တီ မဟုတ်ကြောင်း result ထွက်ပေါ်လာခဲ့ရာ ဒါကိုလည်း ရော်နယ်လ်ဒိုက တည်တည်ငြိမ်ငြိမ်နဲ့ကို လက်ခံသွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဖော်တွေကတော့ ဒီဖြတ်ထုတ်မှုဟာ ပင်နယ်တီပေးသင့်တယ်မလားလို့ ရော်နယ်လ်ဒိုကို မေးခွန်းထုတ်နေကြပေမယ့် ရော်နယ်လ်ဒိုကတော့ ဒါက ပင်နယ်တီပေးရလောက်တဲ့ ဖြတ်ထုတ်မှု မဟုတ်ကြောင်းသာ ပြန်ရှင်းပြခဲ့ပါတယ်။

Photo Credit : TCR X

ဒီပွဲမှာတော့ ရော်နယ်လ်ဒိုက ပြိုင်ဘက်အသင်းကို ဂိုးသွင်းယူဖို့ ကြိုးစားနေရင်းနဲ့ ပြိုင်ဘက် ဂိုးသမားနဲ့ ထိခိုက်မှုတွေ ရှိခဲ့ရပြီး လည်ပင်းမှာ ဒဏ်ရာ အနည်းငယ်လည်း ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန်ပြည့်တောင် ကစားနိုင်ခြင်း မရှိတော့ပဲ ဒုတိယပိုင်း (၇၈)မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ လည်ပင်းဒဏ်ရာ ခံစားလိုက်ရပေမယ့် ဒဏ်ရာက အသေးစားလောက်သာ ဖြစ်နေတာကြောင့် လာမယ့်တစ်ပတ် အယ်လ်နာဆာအတွက် အလွန်အရေးကြီးတဲ့ အယ်လ်ဟီလာအသင်းနဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်ကိုတော့ ပါဝင်ကစားသွားနိုင်ဖို့ ရှိနေပါတယ်။