ပေါ်တူဂီ စူပါစတားကြီး တိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိပြီး (၂)နှစ်ခွဲအတွင်း ပဉ္စမမြောက် နည်းပြနဲ့ တွဲဖက်ရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိနည်းပြ စတက်ဖာနို ပီအိုလီဟာလည်း အသင်းကနေ ထုတ်ပယ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

(၅)ကြိမ်တိုင်တိုင် Ballon d’Or ဆုရှင် ရော်နယ်လ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာပဲ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ခဲ့ပြီး အာရှမှာ အပြောင်းအရွှေ့ လမ်းကြောင်းသစ်ကို စတင်ဖွင့်လှစ်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ အယ်လ်နာဆာအသင်းအတွက် စတင် ပွဲထွက်ကစားဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ လုပ်ခလစာအကောင်းဆုံး စာချုပ်နဲ့ ကစားနေပေမယ့် အယ်လ်နာဆာအတွက် အသင်းလိုက် အောင်မြင်မှု ရဖို့ကတော့ ခက်ခဲနေပါတယ်။ သူ ကိုယ်တိုင်ကတော့ ခြေစွမ်းကောင်းတွေ ပြသနေပြီး အသင်းအတွက် (၁၀၈)ပွဲ ကစားပြီးချိန်မှာ (၉၇)ဂိုးအထိ သွင်းယူထားပေမယ့် အယ်လ်နာဆာနဲ့အတူ ဖလားတစ်လုံးတည်းသာ ဆွတ်ခူးနိုင်သေးပါတယ်။

အယ်လ်နာဆာအသင်းဟာ လက်ရှိရာသီမှာလည်း ဖလားလက်မဲ့ ဖြစ်ဖို့များနေပါတယ်။ အယ်လ်နာဆာက ဆော်ဒီ ပရိုလိဂ်မှာ အဆင့်(၃)နေရာမှာ ရပ်တည်နေရပြီး AFC ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာလည်း ဂျပန်ကလပ်ကာဝါဆာကီ ဖရွန်တဲလ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် အီတလီလူမျိုးနည်းပြ ပီအိုလီရဲ့ အနာဂတ်က လှုပ်ခတ်လာပါတော့တယ်။

Photo Credit : Goal

Calciomercato သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအိုလီဟာ ရာသီကုန်မှာ နည်းပြတာဝန်ကနေ အနားပေးခံရတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ်အထိ ရှိပေမယ့် ဒီနွေရာသီမှာ အသက်သွင်းလို့ရတဲ့ စာချုပ်ဖျက်သိမ်းခွင့်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ရော်နယ်ဒိုဟာ အယ်လ်နာဆာမှာ ကစားနေစဉ်အတွင်း ပဉ္စမမြောက် နည်းပြသစ်ကို စောင့်ဆိုင်းရတော့မှာပါ။ ရော်နယ်လ်ဒိုဟာ အသင်းကို ရောက်ကာစက နည်းပြ ရူဒီ ဂါစီယာရဲ့ လက်အောက်မှာ ကစားခဲ့ပါတယ်။ အဲဒီနောက် ဒင်ကို ယယ်လီဆစ်က ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပြီးမှ ပေါ်တူဂီ လူမျိုးချင်းဖြစ်တဲ့ လူးဝစ် ကက်စထရို ရောက်ရှိလာခဲ့ပါတယ်။ ပီအိုလီကတော့ အသင်းကို ကိုင်တွယ်တာ (၈)လအကြာမှာ အသင်းကနေ ထွက်ခွာရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။