ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ မနေ့ညက အယ်လ်ဝါဒါအသင်းနဲ့ အယ်လ်နာဆာအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ ဆော်ဒီအမှတ်ပေးပွဲစဥ်အတွင်း အယ်လ်နာဆာအတွက် သွင်းဂိုး(၄)ဂိုးလုံးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ပြီး ဆော်ဒီလိဂ်ကို ရောက်ရှိလာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ပွဲစဥ်ကမှ အယ်လ်နာဆာအတွက် ဂိုးစတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပေမယ့် ဒီဂိုးတစ်ဂိုး ရရှိခဲ့ပြီးနောက်မှာပဲ ရော်နယ်လ်ဒိုက ဂိုးတွေကို ဒလဟော သွင်းယူလာနိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ အယ်နာဆာက အယ်လ်ဝါဒါအသင်းကို (0-4)နဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီလိဂ် ပွဲစဥ်အတွင်း ပထမပိုင်း သွင်းဂိုး (၂)ဂိုးနဲ့ ဒုတိယပိုင်း သွင်းဂိုး (၂)ဂိုးစီ သွင်းယူနိုင်ခဲ့ပြီး သူရဲ့တတိယမြောက် သွင်းဂိုးကသာ ပင်နယ်တီကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Twitter

ရော်နယ်လ်ဒိုက သူရဲ့သွင်းဂိုးတွေနဲ့ အယ်လ်နာဆာအသင်းကို အမှတ်ပေးဇယားထိပ်ကို ပြန်လည် ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်သလို လိဂ်ဂိုး (၄)ဂိုးထိ သွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝအတွင်း သူ သွင်းယူခဲ့တဲ့ လိဂ်ဂိုးအရေအတွက်က ဂိုး(၅၀၀)အထိကို ရှိသွားခဲ့ရပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုဟာ ကစားသမားဘဝအတွင်း ဟက်ထရစ် အကြိမ်ရေပေါင်း (၆၁)ကြိမ်အထိကို ရယူနိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာက ဆော်ဒီအမှတ်ပေးလိဂ်ပြိုင်ပွဲရဲ့ ရာသီဝက်ခန့်သာ ရှိနေသေးတာကြောင့် ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးတွေကို ဆက်လက် မြင်တွေ့ရဖို့ ရှိနေသေးတဲ့အပြင် အယ်လ်နာဆာအသင်းကိုလည်း ဆော်ဒီ အမှတ်ပေးလိဂ် ချန်ပီယံ ဖြစ်လာဖို့နဲ့ AFC ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက် ဆင်နွဲခွင့်ရရှိဖို့ ကူညီပေးသွားနိုင်ဖွယ်လည်း ရှိနေပါတယ်။