ပေါ်တူဂီ ဘောလုံးလောကရဲ့ ဂန္ထဝင်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုတစ်ယောက် စပိန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး နေရှင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ မျက်ရည်တွေနဲ့အတူ သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ပွဲချိန်အတွင်း ၂-၂ နဲ့ သရေကျနေခဲ့တဲ့ ဗိုလ်လုပွဲမှာ ရော်နယ်လ်ဒိုက ပွဲချိန်ဒုတိယပိုင်းမှာ သူ့ရဲ့ နိုင်ငံတကာသွင်းဂိုး (၁၃၈)ဂိုးမြောက်ကို သွင်းယူပေးခဲ့ပြီး ပွဲကို ပင်နယ်တီအဆုံးအဖြတ်ဆီ ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။ အသက်(၄၀)အရွယ် တိုက်စစ်မှူးဟာ လူစားလဲခံရပြီးနောက် ကွင်းဘေးကနေ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ရပြီး ပေါ်တူဂီအသင်းက ပင်နယ်တီငါးလုံးစလုံးကို အောင်မြင်စွာ ကန်သွင်းကာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Bluewin

ဒီအောင်မြင်မှုဟာ ချန်ပီယံလိဂ်ဖလားငါးကြိမ်ရှင် ရော်နယ်လ်ဒိုအတွက် နိုင်ငံတကာပြိုင်ပွဲတွေမှာ တတိယမြောက် ဆုဖလားဖြစ်လာခဲ့ပြီး ၂၀၁၆ ယူရိုဖလားနဲ့ ၂၀၁၉ နေရှင်းလိဂ်ဖလားတို့ရဲ့နောက်မှာ ထပ်မံရရှိခဲ့တဲ့ အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

“ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ” လို့ ရော်နယ်လ်ဒိုက Sport TV ကို ပြောကြားခဲ့ပါတယ်။ “ပထမဆုံးအနေနဲ့ ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ ဆုဖလားတစ်လုံးနဲ့ ထိုက်တန်တဲ့ ဒီကစားသမားမျိုးဆက်အတွက်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ မိသားစုတွေအတွက် အရမ်းပျော်ပါတယ်။ ကျွန်တော့်ကလေးတွေ၊ ဇနီး၊ အစ်ကိုနဲ့ သူငယ်ချင်းတွေအားလုံး ဒီကိုရောက်နေကြတယ်။”

Photo Credit : Eurosport

“ပေါ်တူဂီအတွက် အနိုင်ရတာက အမြဲတမ်းထူးခြားပါတယ်။ ကလပ်အသင်းတွေနဲ့အတူ ဆုဖလားတွေ အများကြီးရဖူးပေမယ့် ပေါ်တူဂီအတွက် အနိုင်ရတာထက် ပိုကောင်းတာ ဘာမှမရှိပါဘူး။ ဒါက မျက်ရည်တွေပဲ။ ဒါက တာဝန်ကျေပွန်ခြင်းနဲ့ ကြီးမားတဲ့ ပျော်ရွှင်မှုပါပဲ။ ခင်ဗျား ပေါ်တူဂီအကြောင်းပြောပြီဆိုရင် အမြဲတမ်း ထူးခြားတဲ့ ခံစားချက်တစ်ခု ရှိနေတယ်။ ဒီမျိုးဆက်ရဲ့ အသင်းခေါင်းဆောင်ဖြစ်ရတာက ဂုဏ်ယူစရာပါ။ အမျိုးသားအသင်းတစ်သင်းမှာ ဆုဖလားရယူနိုင်ခြင်းက အမြဲတမ်း အထွတ်အထိပ်ပါပဲ။”

“ဒါက သိပ်ကိုလှပပါတယ်။ ဒါက ကျွန်တော်တို့ နိုင်ငံအတွက်ပါ။ ကျွန်တော်တို့က လူဦးရေနည်းတဲ့ နိုင်ငံလေးတစ်ခုဖြစ်ပေမယ့် ကြီးမားတဲ့ ရည်မှန်းချက်တွေရှိပါတယ်။ အနာဂတ်ဆိုတာက ရေတိုပါပဲ။ အခုက ကောင်းကောင်း အနားယူရမယ့် အချိန်ပါ။ ကျွန်တော့်မှာ ဒဏ်ရာရှိခဲ့ပြီး ဒါက အစွမ်းကုန် အစွမ်းကုန်ပါပဲ။ ကျွန်တော် အစွမ်းကုန် တွန်းအားပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ အမျိုးသားအသင်းအတွက်ဆိုရင် ခင်ဗျား တွန်းအားပေးရမှာပဲလေ။” လို့ ပြောဆိုသွားခဲ့ပါတယ်။