ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့အနေနဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်ပေမယ့် ဘောလုံးသမားဘဝကနေတော့ အနားယူဦးမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။
ဆော်ဒီပရိုလိဂ် ရာသီပိတ်ပွဲစဉ်မှာ အယ်လ်နာဆာအတွက် ရော်နယ်လ်ဒို ဂိုးသွင်းပြီး တစ်နာရီမပြည့်ခင်မှာပဲ အသက်(၄၀)အရွယ် တိုက်စစ်မှူးကြီးက ဆိုရှယ်မီဒီယာပေါ်မှာ “ဒီခရီးကတော့ ဒီမှာပဲအဆုံးသတ်ပါပြီ” လို့ ရေးသားခဲ့ပြီး လက်ရှိကလပ်အသင်းအတွက် နောက်ထပ် ကစားတော့မှာ မဟုတ်ကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်။
Photo Credit : Goal
ဒါပေမဲ့ ရော်နယ်လ်ဒိုက သူ့ရဲ့နောက်ခြေလှမ်းက ဘာဖြစ်မလဲ ဆိုတာကိုတော့ အသေအချာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးဘဲ ပြိုင်ဘက်ဟောင်း လီယွန်နယ် မက်ဆီရှိရာ အမေရိကန် မေဂျာလိဂ်နဲ့ သူ့ရဲ့ ပထမဆုံးကလပ် စပို့တင်း လစ္စဘွန်းအသင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တနင်္လာနေ့ညက ရော်နယ်လ်ဒိုဟာ သူရဲ့ Instagram မှာ “ဒီခရီးကတော့ ဒီမှာပဲအဆုံးသတ်ပါပြီ။ ဇာတ်လမ်းကလား? ဆက်လက် ရေးသားနေဆဲပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ ရေးသားခဲ့ပြီး ဒါဟာ သူရဲ့လက်ရှိကလပ် အယ်လ်နာဆာအသင်းအတွက် နောက်ရာသီမှာ ဆက်ကစားတော့မှာ မဟုတ်ဘဲ ထွက်ခွာတော့မယ်လို့ အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။
Photo Credit : Goal
ဂိုး(၁၀၀၀)ပြည့်မှ အနားယူမယ်လို့ ပြောထားတဲ့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ မကြာသေးမီက ရပ်တန့်သွားခဲ့ပြီးနောက် ဒီနွေရာသီမှာ free agent player ဖြစ်လာတော့မှာဖြစ်ပြီး ပြောင်းရွှေ့ချင်တဲ့ အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်တော့မှာပါ။ ဆော်ဒီကလပ်ဟာ လိဂ်ချန်ပီယံ အယ်လ်အစ်တီဟတ်ရဲ့ (၁၃)မှတ်အကွာမှာ ရာသီသိမ်းခဲ့ရပြီး ရော်နယ်လ်ဒို ကလပ်မှာရှိနေခဲ့တဲ့ (၂)ရာသီခွဲအတွင်း အယ်လ်နာဆာအသင်း ဆုဖလားလုံးဝ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဂိုးပေါင်း (၉၄၀)နား ကပ်နေပြီဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူးဟာ ဆက်လက် ကစားချင်စိတ် ပြင်းပြနေတာ ထင်ရှားပေမယ့် သူ့ရဲ့နောက်ထပ် ခရီးစဉ်က ဘယ်ကို ဦးတည်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အယ်လ်နာဆာအတွက် (၁၁၁)ပွဲမှာ (၉၉)ဂိုး သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ဇွန်လ(၄)ရက်နေ့မှာ ဂျာမနီနဲ့ ကစားမယ့် ပေါ်တူဂီရဲ့ နေးရှင်းစ်လိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်မှုတွေ မစတင်ခင် ခဏတာ အနားယူမှာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်း သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသိပေးကြေညာဖွယ် ရှိနေပါတယ်။