အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် ပေါ်တူဂီ စူပါစတားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပထမဆုံးအကြိမ်အဖြစ် မပြောင်းရွှေ့ခင်က ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတယ်လို့ ရော်နယ်လ်ဒိုကိုယ်တိုင် ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
မနက်ဖြန်မှာပဲ အသက်(၄၀)ပြည့်မြောက်တော့မယ့် ရော်နယ်လ်ဒိုက ကစားသမားဘဝမှာ စပို့တင်း လစ္စဘွန်း၊ မန်ယူနိုက်တက်(၂)ကြိမ်၊ ရီးယဲလ် မက်ဒရစ်၊ ဂျုဗင်တပ်စ်နဲ့ အယ်လ်နာဆာအသင်းတွေမှာ ဖြတ်သန်းခဲ့ဖူးပြီး စပို့တင်းကနေ ယူနိုက်တက်အသင်းဆီ မပြောင်းရွှေ့ခင် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့လည်း နီးစပ်ခဲ့ပါသေးတယ်။
Photo Credit : BeSoccer
၂၀၀၂ခုနှစ်မှာပဲ စပို့တင်း စီနီယာအသင်းကြီးအတွက် ကစားခွင့် ရရှိလာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ၂၀၀၂-၂၀၀၃ ရာသီအတွင်း ပွဲ(၃၀)နီးပါး ကစားခဲ့ရပြီးနောက် အေးဂျင့်ဖြစ်သူ လီဗာပူးလ် ဘာစီလိုနာအသင်းတွေနဲ့ ဆက်သွယ်ခဲ့သလို အာဆင်နယ်ကလည်း ရော်နယ်လ်ဒိုကို အတော်လေး စိတ်ဝင်စားခဲ့ပြီး အသင်းရဲ့ ကွင်းဆီကိုပါ ဖိတ်ခေါ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ယူနိုက်တက်က ၂၀၀၃ခုနှစ် နွေမှာပဲ တခြားအသင်းတွေထက် လက်ဦးမှု ရယူခဲ့ပြီး ရော်နယ်လ်ဒိုကို ဆယ်ကျော်သက် ကစားသမားတစ်ဦးအတွက် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၁၂)သန်းနဲ့ ခေါ်ယူခဲ့သလို ဒေးဗစ် ဘက်ခမ်း၊ ကန်တိုနာ၊ ဂျော့ချ် ဘတ်စ်တို့လို ဂန္တဝင်ကစားသမားကြီးတွေ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၇)ကိုပါ ဝတ်ဆင်စေခဲ့ပါတယ်။
Photo Credit : Saudi Pro League
ရော်နယ်လ်ဒိုက ယူနိုက်တက်မှာ အသင်းလိုက် အောင်မြင်မှုတွေရော တစ်ဦးချင်း အောင်မြင်မှုပေါင်းများစွာ ပိုင်ဆိုင်ခဲ့သလို ယူနိုက်တက်ဆီကိုလည်း ဒုတိယအကြိမ်အဖြစ် လာရောက်ကစားဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်ဆီ မပြောင်းခင် အခြေအနေတွေနဲ့ ပတ်သက်ပြီး ရော်နယ်လ်ဒိုက “မန်ချက်စတာ ယူနိုက်တက်အတွက် မကစားရခင် ကျွန်တော် ဘာစီလိုနာအတွက် ကစားရဖို့ ရှိခဲ့ပါတယ်။”
“ကျွန်တော် စပို့တင်းအသင်းမှာ ကစားနေစဉ်တုန်းက ကျွန်တော့်ကို ခေါ်ယူဖို့ သူတို့တွေ ကြိုးပမ်းခဲ့သေးတယ်။ သူတို့က ကျွန်တော့်ကို အလိုရှိခဲ့ပေမယ့်လည်း တစ်နှစ်အကြာလောက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းက ပေါ်လာခဲ့ပါတော့တယ်။” လို့ ပြန်ပြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုက ဘာစီလိုနာရဲ့ အိမ်ကွင်းဖြစ်တဲ့ နူးကမ့်မှာ ကစားခဲ့ရတာကိုလည်း သဘောကျမိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါသေးတယ်။