တချိန်တုန်းက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ရော်နယ်ဒိုက ယနေ့ခေတ် ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦးလို့ တင်စားခံထားရတဲ့ ပြင်သစ်ကြယ်ပွင့် အမ်ဘာပေနဲ့ နော်ဝေဂိုးသွင်းစက် အာလင်း ဟာလန်းတို့ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်မှာ အတူတူ တွဲကစားတာကို မြင်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘရာဇီးလ် ဂန္တဝင် ရော်နယ်ဒို နာဇာရီယိုက ကမ္ဘာ့ဖလားကို ၂ကြိမ်တိုင်တိုင် ဆွတ်ခူးရယူနိုင်ခဲ့တဲ့ ရှားပါး တိုက်စစ်မှူး တဦး ဖြစ်သလို တိုးအား ၊ ရုန်းအား ကောင်းလွန်းတဲ့ ကစားဟန်ကြောင့် အခုချိန်အထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ နံပါတ်တစ် တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Team Talk

တဖက်မှာတော့ အသက် ၂၅နှစ် အရွယ် ပြင်သစ်အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေနဲ့ အသက် ၂၃နှစ် အရွယ် နော်ဝေဂိုးသွင်းစက် အာလင်း ဟာလန်းတို့က ယနေ့ခေတ် ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲမှာ ပါဝင်နေသူတွေ ဖြစ်ပြီး ဘောလုံးပရိသတ် အများစုက မက်ဆီနဲ့ ရိုနယ်ဒိုတို့လိုပဲ အမ်ဘာပေနဲ့ ဟာလန်းတို့ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အတွက် ဆယ်စုနှစ် တစုနီးပါး ယှဉ်ပြိုင်ကြလိမ့်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။

လတ်တလောမှာ ကိုင်လီယန် အမ်ဘာပေက သူ့ရဲ့ကလပ် ပီအက်စ်ဂျီကို စွန့်ခွာကာ ကြယ်စင်စုအသင်းလို့ လူသိများတဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ရော်နယ်ဒိုကတော့ သူက အမ်ဘာပေနဲ့ ဟာလန်းတို့ ရီးရဲလ်မက်ဒရစ်မှာ အတူတူ တွဲကစားတာကို မြင်ချင်ကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကြယ်စင်စုအသင်း ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီအောင် အမ်ဘာပေနဲ့ ဟာလန်းတို့ နှစ်ယောက်စလုံးကို တပြိုင်ထဲ ခေါ်သင့်ကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

ရော်နယ်ဒိုက – “အခုချိန်မှာ ဟာလန်းက မန်ချက်စတာ စီးတီးမှာ အရမ်းကို ပျော်ရွှင်နေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေ ပြောင်းလဲသွားမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အမ်ဘာပေ ၊ ဟာလန်းနဲ့ ဘယ်လင်ဟမ်တို့ တသင်းထဲမှာ အတူတူ ကစားတာကို မြင်ခွင့်ရဖို့ မျှော်လင့်မိပါတယ်။ အမ်ဘာပေနဲ့ ဟာလန်းတို့ကသာ ရီးရဲလ်မက်ဒရစ်မှာ အတူတူ ကစားကြမယ် ဆိုရင် ဒါက ရီးရဲလ်မက်ဒရစ်ရဲ့ ဆောင်ပုဒ် ဖြစ်တဲ့ “ကြယ်စင်စု” ဆိုတဲ့ စကားနဲ့ ကိုက်ညီသွားလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ သုံးယောက်သာ ပေါင်းစည်းပြီး ကစားမယ် ဆိုရင် ရီးရဲလ်မက်ဒရစ်က အရမ်းကို ကြောက်စရာကောင်းတဲ့ အသင်း ဖြစ်သွားပါလိမ့်မယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်က ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူပြီးရင် အာလင်း ဟာလန်းကို ထပ်မခေါ်တော့ဘူး ဆိုတဲ့ သုံးသပ်မှုမျိုးတွေ ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်က ဟာလန်းရဲ့ ခြေစွမ်းကို သဘောကျနေတာကြောင့် ဟာလန်းကသာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းဖို့ စိတ်ကူးရှိမယ် ဆိုရင် ရီးရဲလ်မက်ဒရစ်က ငွေပုံပေးပြီး ဟာလန်းကို သူတို့အသင်းဆီ ရအောင် ခေါ်ယူနိုင်စွမ်း ရှိနေပါတယ်။