ပေါ်တူဂီဘောလုံးစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကိုယ်ရံတော်ဟောင်းတစ်ဦးက သူ့ရဲ့ လုံခြုံရေးတာဝန်နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဘောလုံးလောကမှာ မကြုံစဖူး ကျော်ကြားမှုတွေ ရရှိခဲ့ပေမယ့် ဒီကျော်ကြားမှုတွေနဲ့အတူ လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေလည်း တိုးလာခဲ့တယ်လို့ သူ့ရဲ့ ကိုယ်ရံတော်ဟောင်းက ဖွင့်ဟခဲ့ပါတယ်။
ရော်နယ်လ်ဒိုကို ပရိသတ်တွေနဲ့ လူတွေက ခြိမ်းခြောက်တာမျိုးတွေ ရှိခဲ့ပေမယ့် သူ့ရဲ့ အသက်အန္တရာယ်တော့ တစ်ခါမှ မရှိခဲ့ဘူးလို့ ကိုယ်ရံတော်ဟောင်းက ဝန်ခံခဲ့ပါတယ်။ ဆာ အဲလက်စ် ဖာဂူဆန်လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်မှာ ပေါ်ထွက်လာပြီးနောက် ရော်နယ်လ်ဒိုဟာ ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ပထမဆုံး Ballon d’Or ဆုကို ရရှိခဲ့ပါတယ်။
Photo Credit : The Mirror
ရီးယဲလ် မက်ဒရစ်နဲ့ ချန်ပီယံလိဂ် (၄)ကြိမ်ရရှိခဲ့ပြီးနောက် ဂျူဗင်တပ်စ်မှာ ကစားခဲ့ပါတယ်။ အဲ့ဒီနောက် အိုးထရက်ဖို့ဒ်ကို ခဏပြန်လာခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်က အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ကလပ်အသင်းနဲ့ နိုင်ငံအတွက် ဂိုးပေါင်း (၉၀၀)ကျော်သွင်းယူပြီး ဆုပေါင်းများစွာ ရရှိခဲ့တဲ့ သူ့ရဲ့ ထင်ရှားကျော်ကြားတဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ ရော်နယ်လ်ဒိုရဲ့ ကျော်ကြားမှုဟာ ဘောလုံးလောကကို ကျော်လွန်ခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး အားကစားကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပြီး ဒီလိုကျော်ကြားမှုဟာ အန္တရာယ်တွေကိုလည်း သယ်ဆောင်လာပါတယ်။ ဥပမာအနေနဲ့ ဗုဒ္ဓဟူးနေ့က ပေါ်တူဂီနဲ့ ဂျာမနီပွဲစဉ်မတိုင်မီ ပရိသတ်တစ်ဦး လုံခြုံရေးတွေကို ကျော်ဖြတ်ပြီး ကွင်းထဲဝင်ရောက်ခဲ့ကာ အသက်(၄၀)အရွယ် ရော်နယ်လ်ဒိုကို ဖက်ထားခဲ့ပြီးနောက် လုံခြုံရေးတွေက ခေါ်ထုတ်သွားခဲ့ပါတယ်။ ဒါကြောင့် အယ်လ်နာဆာ တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ကိုယ်ရံတော်တွေရဲ့ အကူအညီကို မကြာခဏ ရယူခဲ့ပါတယ်။ လေးနှစ်ကြာ ရော်နယ်ဒိုအတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟစ်ချ်မန်းက သူရင်ဆိုင်ဖြေရှင်းရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ သူ့ရဲ့ လုပ်ခလစာအကြောင်းကို ရှင်းပြခဲ့ပါတယ်။
Photo Credit : SPORTbible
“ကျွန်တော်တို့ရဲ့ အလုပ်က ဖောက်သည်ရဲ့ ကိုယ်ရေးရာဇဝင်ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် လေးနှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ ခရစ္စတီယာနိုရဲ့ ကိစ္စမှာတော့ သူ့ရဲ့ ကိုယ်ရေးရာဇဝင်က အန္တရာယ်မများပါဘူး။ ဘာလို့လဲဆိုတော့ လူတွေက သူ့ကို သတ်ချင်တာ မဟုတ်ဘူး။ သေကြောင်းကြံတဲ့ ခြိမ်းခြောက်မှုတွေလည်း မရခဲ့ပါဘူး။ ပရိသတ်တွေ ဒါမှမဟုတ် သူ့ကို လုယက်ချင်တဲ့သူတွေက သူ့ကို ခြိမ်းခြောက်ခဲ့တာပါ။ ကျွန်တော်တို့ သွားမယ့်နေရာ ဘယ်သူတွေ ရှိနေမလဲဆိုတာကို အမြဲသိထားရမယ်။ ဝင်ထွက်ပေါက်တွေနဲ့ ဆက်သွယ်ရမယ့်နေရာတွေ ရှင်းရှင်းလင်းလင်း ရှိရမယ်။”
“ကျွန်တော်တို့ရဲ့ အသက်အန္တရာယ် ရှိနိုင်တယ်ဆိုတာကို အမြဲသတိထားရမယ်။ လူတစ်ယောက်ကို ကာကွယ်ဖို့ ဆန္ဒရှိရမယ်။ တခါတလေ သူတို့ကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ အသက်ကို ပေးဆပ်ရတယ်။ ကျွန်တော် လက်နက်သုံးရမယ်ဆိုရင် သုံးမှာပဲ။ အရေးအကြီးဆုံးကတော့ မြန်မြန်ဆန်ဆန် တွေးနိုင်စွမ်း ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ခက်ခဲတဲ့အခြေအနေတွေမှာ တည်ငြိမ်စွာနေနိုင်စွမ်းပဲ။ သူက ကျွန်တော် အလုပ်လုပ်ဖူးသမျှ အကောင်းဆုံးသူဌေးပါပဲ။ ကျွန်တော်တို့ ဆက်ဆံရေးကောင်းတယ်။ သူ့နဲ့ အလုပ်လုပ်တာက အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့သူ ဒါမှမဟုတ် ပြန်ပေးဆွဲခံရမယ့်သူနဲ့ အလုပ်လုပ်တာမျိုး မဟုတ်ပါဘူး။ ပါပါရာဇီတွေ ဒါမှမဟုတ် ရူးသွပ်တဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး ရယ်စရာကောင်းတဲ့ ဖြစ်ရပ်လေးတွေ ရှိခဲ့ပေမယ့် ဘာမှ အရေးမကြီးပါဘူး။” လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။