အယ်လ်နာဆာအသင်းရဲ့ နည်းပြသစ်ဖြစ်သူ ဂျော့ဂျ်ဂျေးဇုက အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကမ္ဘာ့အကြီးကျယ်ဆုံး Celebrity(ကျော်ကြားသူ) အဖြစ် ချီးကျူးပြောဆိုလိုက်ပြီး သူရဲ့ သြဇာလွှမ်းမိုးမှုမှာ ဘောလုံးလောကထက် အများကြီး ပိုမိုကျယ်ပြန့်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ဂျေးဇုဟာ မကြာသေးမီက အယ်လ်နာဆာအသင်းရဲ့ နည်းပြရာထူးကို လက်ခံရခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ ရော်နယ်လ်ဒိုကြောင့်ဖြစ်ကြောင်း ဝန်ခံထားခဲ့သူ ဖြစ်ပါတယ်။ ယခုတစ်ကြိမ်မှာတော့ အသက်(၄၀)အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုရဲ့ ကြီးကျယ်ခမ်းနားမှုကို လေးစားကြောင်း ထပ်မံဖွင့်ဟခဲ့ပြီး သူ့ရဲ့ ဇာတိနိုင်ငံ ပေါ်တူဂီက ရော်နယ်ဒိုရဲ့ အမွေအနှစ်ကို အပြည့်အဝ တန်ဖိုးမထားတတ်ကြဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ဂျေးဇုက ရော်နယ်ဒိုကို “ကမ္ဘာပေါ်မှာ လူသားတွေထဲမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်” “ကမ္ဘာ့အကြီးကျယ်ဆုံး Celebrity” လို့ တင်စားသုံးနှုန်းခဲ့ပြီး သူ့ရဲ့ လွှမ်းမိုးမှုဟာ ဘောလုံးကွင်းထက် အများကြီး ကျော်လွန်တယ်လို့ ဆိုခဲ့ပါတယ်။
Photo Credit : Fanpage
RTP သတင်းဌာနရဲ့ Primeira Pessoa အစီအစဉ်မှာ ပွင့်ပွင့်လင်းလင်း ပြောကြားရာမှာ ဂျေးဇုက မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ် မက်ဒရစ် ကြယ်ပွင့်ဟောင်းကို အခုလို ချီးကျူးခဲ့ပါတယ်။ “ဒါက အားကစားဆိုင်ရာ စိန်ခေါ်မှုတစ်ခုပါ။ ရော်နယ်လ်ဒိုက တခြားသူတွေနဲ့ မတူဘူး။ သူ့ရဲ့ ဇီဝကမ္မဆိုင်ရာ အသက်အရွယ်ကတောင် ထူးခြားနေလို့ အသက်(၄၀)မှာ ကစားနေနိုင်တုန်းပဲ။ ဘောလုံးပြင်ပမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ အတွေးအခေါ်တွေက အရမ်းတူညီပါတယ်။”
“ကျွန်တော့် အသက်က (၇၀) ရှိပြီ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ အသက်ကြီးတယ်လို့ မခံစားရဘူး။ ရော်နယ်လ်ဒိုက ကမ္ဘာလုံးဆိုင်ရာ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ပေါ်တူဂီမှာ ကျွန်တော်တို့ ရော်နယ်လ်ဒိုကို တန်ဖိုးထားရကောင်းမှန်း မသိကြဘူး။ သူဟာ ကမ္ဘာ့အကြီးကျယ်ဆုံး လူသားပုဂ္ဂိုလ် ကမ္ဘာ့အကြီးကျယ်ဆုံး Celebrity ပါပဲ။ သူဟာ ဘောလုံးလောကထက် အများကြီးကို သာလွန်တဲ့နေရာမှာ ရှိနေပါတယ်။” လို့ ဆိုခဲ့ပါတယ်။
Photo Credit : Leonino
ဂျေးဇုရဲ့ ရောက်ရှိလာမှုဟာ အယ်လ်နာဆာအသင်းအတွက် အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ရပြီး AFC Champions League ဆီမီးဖိုင်နယ်မှာလည်း ဂျပန်ကလပ် ကာဝါဆာကီအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် စိတ်ပျက်စရာ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကလပ်အသင်းဟာ ဂျေးဇုနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ဆက်ဆံရေးကို အခြေခံပြီး အသင်းကို ပြန်လည်ဦးမော့လာအောင် ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက ရော်နယ်လ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်မှာ (၂၅)ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့ပေမယ့် အယ်လ်နာဆာအသင်းကတော့ ချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းရဲ့နောက် (၁၃)မှတ် ဒုတိယနေရာက အယ်လ်ဟီလာလ်အသင်းရဲ့နောက် (၅)မှတ်အကွာနဲ့ တတိယနေရာနဲ့သာ ရာသီသိမ်းခဲ့ရပါတယ်။