ဘောလုံးလောကထဲမှာ ဘယ်ဘောလုံးသမားကမှ မရရှိဖူးသေးတဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ဆော်ဒီကလပ် အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပိုင်ဆိုင်သွားဖို့ အလွန် နီးစပ်လာနေခဲ့ပြီပဲ ဖြစ်ပါတယ်။

လက်ရှိချိန်အထိ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့က ဆုဖလား အောင်မြင်မှုတွေ တစ်ဦးချင်း ဆုတံဆိပ်တွေအပြင် ဘောလုံးလောကရဲ့ စံချိန်မှတ်တမ်းကောင်းတွေကိုပါ အပြိုင်အဆိုင် ရယူနေကြ ဖြစ်ပါတယ်။

Photo Credit : Goal

ဒီ GOAT ကြီး နှစ်ဦး မယူနိုင်ခဲ့တဲ့ စံချိန်ဆိုတာကလည်း မရှိသလောက် ဖြစ်နေရသလို အခုထိလည်း စံချိန်သစ်တွေကို ဆက်လက် ရယူနေနိုင်တာက တကယ့်ကို လေးစားစရာပါ။ အခုဆိုရင်လည်း ရော်နယ်လ်ဒိုဟာ ဘယ်ဘောလုံးသမားမှ မရဖူးသေးတဲ့ စံချိန်သစ်တစ်ခုကို ရယူဖို့ အခြေအနေကောင်းလာခဲ့ပါပြီ။

ဆော်ဒီပရိုလိဂ် (၂)ပွဲဆက်တိုက်အထိ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အခုဆိုရင်တော့ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး (၂၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဒုတိယနေရာ မီထရိုဗစ်နဲ့လည်း (၇)ဂိုးအထိ ကွာဟနေတာကြောင့် ဂိုးသွင်းဘုရင်ဆုကို ပိုင်ဆိုင်ဖို့ အလားအလာ အလွန်ကောင်းနေပါတယ်။

Photo Credit : SPL X

တကယ်လို့သာ ရော်နယ်လ်ဒိုက ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်းအများဆုံးဆုကို ရယူခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် လာလီဂါ စီးရီးအေနဲ့ ဆော်ဒီလိဂ် မတူကွဲပြားတဲ့ အမှတ်ပေးလိဂ် (၄)ခုမှာ ဂိုးသွင်းအများဆုံးဆုကို ပိုင်ဆိုင်နိုင်မယ့် ပထမဆုံး ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်သွားမှာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ ဘောလုံးလောကမှာ လိဂ်(၃)ခုမှာပဲ ဂိုးသွင်းဘုရင်ဆုကို ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားတွေသာ ရှိနေပြီး ရော်နယ်လ်ဒိုကတော့ ဆော်ဒီလိဂ်ရဲ့ ဂိုးသွင်းအများဆုံးဆုကို ရယူဖို့နဲ့ စံချိန်သစ်ကိုပါ ပိုင်ဆိုင်နိုင်ဖို့ အတော်လေးကို နီးစပ်လာခဲ့ရပါတယ်။