ဆော်ဒီ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်ရှာဘတ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း အနည်းငယ် ရိုင်းပြတဲ့ အောင်ပွဲခံမှု အမှုအယာတွေကြောင့် (၂)ပွဲခန့်လောက်အထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိနေပါတယ်။

အယ်လ်နာဆာ နဲ့ အယ်ရှာဘတ်အသင်းတို့ဟယာ ဒေသတွင်း အားကောင်းလှတဲ့ ပြိုင်ဘက်အသင်းတွေ ဖြစ်တာနဲ့အညီ ကွင်းအတွင်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်ကြသလို အသင်းပရိသတ်တွေကလည်း ပြိုင်ဘက်ကစားသမားတွေကို လှောင်ပြောင်မှုများ ပြုလုပ်တက်လေ့ ရှိကြပါတယ်။

Photo Credit : Optus Sports

အခုလည်း အယ်လ်နာဆာအသင်းရဲ့ နာမည်ကြီး ထိပ်တန်းကစားသမားကြီး ရော်နယ်လ်ဒိုကို အယ်လ်ရှာဘတ် ပရိသတ်တွေက ရော်နယ်လ်ဒိုရဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီနဲ့ ယှဉ်ပြီး လှောင်ပြောင်မှုတွေ လုပ်ဆောင်ခဲ့သလို မက်ဆီ နာမည်ကို ရွတ်ဆိုကာ ရော်နယ်လ်ဒိုကို လှောင်ပြောင် တိုက်ခိုက်ခဲ့ပါတယ်။

ဒါကို မကျေမနပ် ဖြစ်လာခဲ့တဲ့ ရော်နယ်လ်ဒိုက အယ်လ်ရှာဘတ် ပရိသတ်တွေကို ပစ်မှတ်ထားပြီး အယ်လ်နာဆာအသင်း ဂိုးရတိုင်းမှာ ပြိုင်ဘက် ပရိသတ်တွေထံ ဦးတည်ပြီး ပုံမှန်ထက် ကျော်လွန်တဲ့ အောင်ပွဲခံပုံတွေ လုပ်ဆောင်လာပါတော့တယ်။

Photo Credit : Sports Illustrated

ဒုတိယပိုင်း ပွဲချိန်တွေထဲ အယ်လ်နာဆာ တိုက်စစ်ကစားသမား တာလီစကာ ဂိုးတွေ သွင်းယူနိုင်ချိန် ရော်နယ်လ်ဒိုဟာ ဂျုဗင်တပ်စ်နဲ့ အသက်လက်တီကိုတို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာတုန်းက အသက်လက်တီကိုနည်းပြ ဆီမြွန်နီကို တုံ့ပြန်ခဲ့တဲ့ အောင်ပွဲခံပုံစံအတိုင်း တစ်ထပ်တည်းကို ပြန်လည် လုပ်ဆောင်သွားခဲ့ပါတယ်။

ဒါ့အပြင် ပွဲအပြီးမှာလည်း မက်ဆီ မက်ဆီဆိုပြီး လှောင်ပြောင် အော်ဟစ်ခဲ့ကြတဲ့ အယ်လ်ရှာဘတ် ပရိသတ်တွေကို ရော်နယ်လ်ဒိုက ညစ်ညမ်းတဲ့ အောင်ပွဲခံမှုနဲ့ ပြန်လည် တုံ့ပြန်သွားခဲ့တာကြောင့် ဆော်ဒီ ဘောလုံးအဖွဲ့ချုပ်က ရော်နယ်လ်ဒိုရဲ့ အပြုအမှုတွေကို စုံစမ်းစစ်ဆေးနေပြီဖြစ်ပြီး ပွဲပယ်နဲ့ ငွေသားပြစ်ဒဏ်တို့ ချမှတ်ဖွယ်လည်း ရှိနေပါတယ်။