ဆော်ဒီစူပါလိဂ် ထိပ်သီးကလပ် အယ် နက်ဆာနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အိုက်စလန် ၀-၁ ပေါ်တူဂီ ပွဲစဉ်မှာ အသင်းအတွက် ပါဝင် ကစားပေးပြီးနောက် ကမ္ဘာပေါ်မှာ နိုင်ငံတကာပွဲ အများဆုံး ကစားထားနိုင်တဲ့ အမျိုးသား ဘောလုံးသမား အဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၈နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက ၂၀၀၃ခုနှစ်မှ စတင်ကာ ပေါ်တူဂီ အတွက် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီး သူက ပေါ်တူဂီ အတွက် ဆယ်စုနှစ် ၂စုကြာအောင် ကစားပေးခဲ့ပါတယ်။

Photo Credit: Standard

ခရစ္စတီယာနို ရိုနယ်ဒိုက ဆယ်စုနှစ် ၂စုအတွင်းမှာ ပေါ်တူဂီအတွက် ပြိုင်ပွဲစုံ ၂၀၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂၃ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလား တလုံးစီလည်း သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အိုက်စလန်နဲ့ ပေါ်တူဂီတို့ရဲ့ ပွဲစဉ်ဟာ ရိုနယ်ဒိုရဲ့ ပေါ်တူဂီ ကစားသမား ဘဝ ပွဲ၂၀၀ ပြည့်ခဲ့တဲ့ ပွဲစဉ် ဖြစ်ပြီး ရိုနယ်ဒိုက အဆိုပါပွဲကြောင့် ကမ္ဘာပေါ်မှာ နိုင်ငံတကာပွဲ အများဆုံး ကစားထားနိုင်တဲ့ အမျိုးသား ဘောလုံးသမား အဖြစ် ကမ္ဘာ့အံ့ဖွယ်စာအုပ် ဖြစ်တဲ့ ဂရင်းနစ်စာအုပ်ထဲ မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Metro

ဂရင်းနစ်အဖွဲ့ရဲ့ တာဝန်ရှိသူတွေက အိုက်စလန် ၀-၁ ပေါ်တူဂီ ပွဲစဉ်မတိုင်မီမှာ ရိုနယ်ဒိုကို ဂရင်းနစ်မှတ်တမ်းထဲ ဝင်ခဲ့တဲ့ အတွက် ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ပြီး တိုက်ဆိုင်စွာနဲ့ပဲ ရိုနယ်ဒိုက သူ့ရဲ့ နိုင်ငံတကာ ပွဲ၂၀၀ပြည့် ပွဲစဉ်မှာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ သွင်းပေးနိုင်ခဲ့ပါတယ်။