ပေါ်တူဂီ စူပါစတားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းနဲ့ အနာဂတ် အခြေအနေတွေဟာ မရေရာမှုတွေ ပိုများလာနေပါတယ်။ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် စာချုပ်သစ် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရော်နယ်လ်ဒိုရဲ့ စာချုပ်သစ် သက်တမ်းတိုးရေး ဆွေးနွေးမှုတွေဟာ အယ်လ်နာဆာအသင်းက ဆော်ဒီပရိုလိဂ်မှာ အယ်လ်အစ်တီဟတ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲ ဒါ့အပြင် AFC ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဂျေလိဂ်ကလပ် ကာဝါဆာကီ ဖရွန်တေးလ်ကို ရှုံးပြီး ထွက်ခဲ့ရပြီးနောက်ပိုင်း ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၄၀) ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ (၂)နှစ် စာချုပ်သက်တမ်းတိုးဖို့ မျှော်မှန်းထားခဲ့ပေမယ့် အခုလို ဆိုးရွားတဲ့ရလဒ်တွေကြောင့် သူ့ရဲ့အနာဂတ်အတွက် ပြန်လည် စဉ်းစားသုံးသပ်လာပြီလို့ ဆိုပါတယ်။ ၂၀၂၃ အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ အယ်လ်နာဆာကို ပြောင်းရွှေ့လာပြီးနောက် ရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ်ရဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အသင်းက ဖလားတစ်လုံးမှ ထပ်မံ မရရှိသေးတာက ရော်နယ်လ်ဒိုကို သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြန်တွေးစရာတွေ ဖြစ်စေခဲ့ပါတယ်။

သတင်းတွေမှာတော့ ရော်နယ်လ်ဒိုဟာ လက်ရှိအခြေအနေအပေါ် စိတ်ပျက်နေပြီး ဒါက အယ်လ်နက်ဆာအသင်းကိုလည်း စာချုပ်သက်တမ်းတိုးခြင်းနဲ့ ပတ်သက်ပြီး စဉ်းစားစရာတွေ ဖြစ်လာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ အယ်လ်နာဆာနဲ့ လမ်းခွဲခဲ့ရင်တောင် တခြားဆော်ဒီကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့နိုင်ခြေလည်း ရှိနိုင်ပါတယ်။

Photo Credit : Al Arabiya

ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ (၁၀၉)ပွဲ ကစားထားခဲ့ပြီး (၉၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းထိပ်မှာလည်း ရပ်တည်လို့နေပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုက ဘောလုံးသမားဘဝကနေ အနားမယူခင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဂိုး(၁၀၀၀) သွင်းယူသွားဖို့ အစီအစဉ် ရှိနေပြီး လက်ရှိမှာလည်း သူရဲ့ စုစုပေါင်းဂိုးက (၉၃၄)ဂိုးထိ ရှိနေပါတယ်။

အယ်လ်နာဆာအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်လ်အစ်တီဟတ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာထိ ကျဆင်းသွားခဲ့ရပါတယ်။ ဆော်ဒီလိဂ်ရဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီဟာလည်း ကုန်ဆုံးဖို့ (၄)ပွဲသာ ကျန်တော့တာဖြစ်လို့ အယ်လ်နာဆာအနေနဲ့ လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူသွားနိုင်ဖို့ လိုအပ်နေပါတယ်။