ဆော်ဒီ ထိပ်သီးကလပ် အယ်လ် နက်ဆာရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ကတ်စ်မဲရိုးဆီ ဆက်သွယ်ကာ အယ်လ် နက်ဆာဆီ ပြောင်းရွှေ့လာဖို့ စည်းရုံးမှုတွေ လုပ်နေကြောင်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ၂၀၂၂ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ယူနိုက်တက် အတွက် ၂ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၈၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

ကတ်စ်မဲရိုးက ယူနိုက်တက်နဲ့ ၂ရာသီ အတွင်းမှာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား စတဲ့ ဆုဖလား ၂လုံးကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက သူ့ရဲ့ အသက်အရွယ်နဲ့ ကျဆင်းလာတဲ့ ခြေစွမ်းတွေကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ စဉ်းစားထားပါတယ်။

လက်ရှိမှာတော့ အယ်လ် နက်ဆာ အပါအဝင် ဆော်ဒီ ထိပ်သီးကလပ်တွေက ကတ်စ်မဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကတ်စ်မဲရိုး ကိုယ်တိုင်ကလည်း ဥရောပမြေမှာ လုံလောက်တဲ့ အောင်မြင်မှုတွေ ရယူထားနိုင်တာကြောင့် ဆော်ဒီမြေဆီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့မှာ ကတ်စ်မဲရိုးနဲ့ ကာလရှည် တွဲဖက် ကစားခဲ့ဖူးတဲ့ အယ်လ် နက်ဆာရဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုက ကတ်စ်မဲရိုးဆီ ဆက်သွယ်ကာ အယ်လ် နက်ဆာဆီ ပြောင်းလာဖို့ စည်းရုံးနေပြီး အယ်လ် နက်ဆာကလည်း ကတ်စ်မဲရိုး အတွက် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကတ်စ်မဲရိုးကို ရောင်းချဖို့ စဉ်းစားထားပေမယ့် သင့်တင့်တဲ့ ပြောင်းရွှေ့ကြေး တရပ် ရမှသာ ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် အယ်လ် နက်ဆာက ကတ်စ်မဲရိုး အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အသုံးပြုရနိုင်ပါတယ်။