အသက် (၃၈)နှစ်အရွယ်ဆိုတာ ဘောလုံးသမားတစ်ယောက်အတွက်တော့ ကစားသမားဘဝ နေဝင်ချိန် ဖြစ်နေပါပြီ။ဒါပေမယ့် (၃၈)နှစ်အရွယ် ခရစ္စတီယာနို ရော်နယ်လ်ဒို နှစ်ချို့ဝိုင် GOAT ကြီးရဲ့ မကုန်ခမ်းနိုင်သေးတဲ့ စွမ်းဆောင်မှုတွေက ဘောလုံးပရိသတ် အားလုံးကို အံ့အားသင့်စရာ ဖြစ်လာခဲ့ရပါတယ်။

မနေ့ညက ဘော့စနီးယားအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို ခြေစစ်ပွဲစဉ်မှာ ရော်နယ်လ်ဒိုက သူရဲ့ ပေါ်တူဂီအသင်းအတွက် နောက်ထပ် သွင်းဂိုး (၂)ဂိုးကို ဆက်လက် သွင်းယူပေးခဲ့ရာ အခုဆိုရင်တော့ ဒီနှစ်အတွင်း ရော်နယ်လ်ဒိုရဲ့ စုစုပေါင်း သွင်းဂိုးအရေအတွက်ဟာ (၄၀)အထိ ရှိလာခဲ့ရပါတယ်။

Photo Credit : Twitter

ဒီ ၂၀၂၃ခုနှစ်ထဲမှာ ရော်နယ်လ်ဒိုက သူရဲ့ ကလပ် အယ်လ်နာဆာအသင်း နဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့အတွက် စုစုပေါင်း ဂိုး (၄၀)အထိ သွင်းယူထားနိုင်တာကြောင့် သူနဲ့ မက်ဆီ ခေတ်လွန်မှာ တောက်ပလာနိုင်မယ့် ဟာလန်း ဘာပေတို့ထက်ပင် ရော်နယ်လ်ဒိုက သွင်းဂိုး ပိုများနေရပါတယ်။

ဘော့စနီးယား နဲ့ ပေါ်တူဂီတို့ ပွဲစဉ်မတိုင်ခင် ဟာလန်းက (၄၈)ပွဲကစား (၃၉)ဂိုးသွင်း ရော်နယ်လ်ဒိုက (၄၂)ပွဲကစား (၃၈)ဂိုး သွင်း ဘာပေကလည်း (၃၇)ပွဲကစား (၃၅)ဂိုး သွင်းယူရင်း ပထမ ဒုတိယ တတိယနေရာတွေမှာ အစဉ်လိုက် ရပ်တည်ထားပေမယ့် ဘော့စနီးယားနဲ့ပွဲမှာ ရော်နယ်လ်ဒိုက နောက်ထပ် (၂)ဂိုးသွင်းရင်း ဟာလန်းရဲ့ ပထမနေရာကို သိမ်းပိုက်လိုက်ပါတယ်။

Photo Credit : Twitter

ဒီလို ဂိုးသွင်းစွမ်းရည် မကျဆင်းသွားသေးတဲ့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီကို ယူရို-၂၀၂၄ ပြိုင်ပွဲကြီးဆီ ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်သလို အယ်လ်နာဆာအတွက်လည်း ဂိုးတွေသွင်း ဂိုးတွေဖန်တီးရင်း ဆော်ဒီလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ (၂)ကြိမ်တိုင်တိုင် ပိုင်ဆိုင်ခဲ့ရပါသေးတယ်။

ရော်နယ်လ်ဒို ဆော်ဒီမြေဆီ ပြောင်းသွားပြီးနောက်မှာ ရော်နယ်လ်ဒို ကုန်သွားပါပြီ ဘာမှ မစွမ်းဆောင်ပြနိုင်တော့ဘူးလို့ လှောင်ပြောင်လာကြတဲ့ သူတွေကို ရော်နယ်လ်ဒိုဘက်က အလုပ်နဲ့ အကောင်းဆုံး သက်သေတွေပြခဲ့ရာ အခုဆိုရင် ဘောလုံးလောကရဲ့ အနာဂတ်တွေဖြစ်သော ဘာပေ ဟာလန်းတို့ထက် ဂိုးတွေ အများအပြား သွင်းယူထားကာ ဝေဖန်မှုကို ပါးစပ်ပိတ်စေနိုင်ခဲ့ပါတယ်။