အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် စူပါစတား ကစားသမား GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ သူပြောဆိုခဲ့ဖူးသလို သူဟာ စံချိန်တွေကို လိုက်နေတာမဟုတ်ပဲ စံချိန်တွေကသာ သူရဲ့နောက်ကို လိုက်နေတာဆိုတဲ့ စကားကို ထပ်မံ သက်သေပြလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အယ်လ်နာဆာအသင်းအတွက် ဆော်ဒီလိဂ်သွင်းဂိုး စုစုပေါင်း (၃၅)ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ တစ်ရာသီအတွင်း ဆော်ဒီလိဂ်ပြိုင်ပွဲမှာ လိဂ်ဂိုး အများဆုံး သွင်းယူနိုင်ခဲ့ ကစားသမားအဖြစ် စံချိန်သစ်တစ်ခုကို စိုက်ထူပြနိုင်ခဲ့ပါတယ်။

Photo Credit : Sporting News

ရော်နယ်လ်ဒိုအနေနဲ့ ဆော်ဒီလိဂ်မှာ (၁)ရာသီခွဲအထိ ကျင်လည်ခဲ့ပြီး ဆော်ဒီပရိုလိဂ် အမှတ်ပေးဖလားကိုတော့ ရယူနိုင်ခြင်း မရှိပေမယ့်လည်း သူတို့လိဂ်ဆီ ဘန်ဇီမာ ၊ မာဖီနို ၊ မာနေး ၊ မာရက်ဇ် ၊ မီထရ်ိုဗစ်တို့လို ထိပ်တန်း တိုက်စစ်ကစားသမားတွေ ရောက်လာချိန်တောင်မှ ဒီကစားသမားတွေကို ကျော်ဖြတ်ပြီး ဆော်ဒီလိဂ် ဂိုးသွင်းအများဆုံးဆုကို ရော်နယ်လ်ဒိုကသာ ပိုင်ဆိုင်ခဲ့ရပါတယ်။

အခုလည်း ရော်နယ်လ်ဒိုက ဒီရာသီ ဆော်ဒီလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးလဖြစ်တဲ့ မေလမှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ ထပ်မံ ပိုင်ဆိုင်လိုက်ရတဲ့အတွက် ဆော်ဒီလိဂ်ပြိုင်ပွဲတစ်လျှောက် တစ်လအတွင်း အကောင်းဆုံး ကစားသမားဆုကို အကြိမ်ရေ အများဆုံး ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကစားသမားအဖြစ်နဲ့ပါ စံချိန်သစ် ထပ်မံ တင်ရှိသွားခဲ့ပြန်ပါတယ်။

Photo Credit : ESPN

အသက် (၃၉)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုက အသက်အရွယ်နဲ့မှ မလိုက်အောင် အကောင်းဆုံး စွမ်းဆောင်ပြလျက် ရှိနေပြီး ပရီးမီးယားလိဂ် စီးရီးအေလိဂ် လာလီဂါနဲ့ ဆော်ဒီပရိုလိဂ်တို့လို အမှတ်ပေးလိဂ်ပြိုင်ပွဲ (၄)ခုလုံးမှာ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။

ဒါ့အပြင် ရော်နယ်လ်ဒိုဟာ အခုလည်း ယူရို-၂၀၂၄ပြိုင်ပွဲကြီးကိုပါ ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ဆင်နွဲတော့မှာ ဖြစ်တာမို့ ဒီယူရိုပြိုင်ပွဲက ရော်နယ်လ်ဒိုအတွက် (၆)ကြိမ်မြောက် ယူရိုပြိုင်ပွဲလည်း ဖြစ်လာနိုင်ပြီး ဒီပြိုင်ပွဲမှာပါ ပေါ်တူဂီအတွက် နောက်ထပ် ယူရိုဖလားတစ်လုံးကို ထပ်မံ ရယူပြသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။