တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးက လက်ရှိမှာ တံကောက်ကြော ဒဏ်ရာ ရရှိနေတာကြောင့် (၄) (၅)ပတ်ခန့်လောက်အထိ အနားယူသွားရနိုင်တယ်လို့ စပါးနည်းပြ ပိုစတီဂိုဂလူးက အတည်ပြုသွားခဲ့ပါတယ်။

စပါးအသင်းရဲ့ ခံစစ်တန်းမှာ အဓိက အကျဆုံး ကစားသမားဖြစ်တဲ့ ရိုမဲရိုးဟာ ဒီရာသီ စပါးခံစစ်မှာ ကစားသမားသစ် ဗန်ဒီဗန်နဲ့ တွဲဖက်ပြီး အကောင်းဆုံး ခံစစ်အရည်အသွေးတွေကို ပြသထားနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

အသက် (၂၅)နှစ်အရွယ် ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်မှူး ရိုမဲရိုးက ဒီရာသီမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ် (၁၅)ပွဲအထိ ပါဝင်ထားရင်း သွင်းဂိုး (၃)ဂိုး သွင်းယူနိုင်ခဲ့သလို တိုက်ရိုက် အနီကတ်ကြောင့်သာ (၃)ပွဲဆက်တိုက် လွဲချော်ခဲ့ရတာဖြစ်ပြီး မဟုတ်ရင် စပါးအတွက် (၁၈)ပွဲလုံး ကစားပေးနိုင်မှာ ဖြစ်ပါတယ်။

အခုတော့ ရိုမဲရိုးဟာ အဲဗာတန်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ပွဲကျပ်တွေ ပြည့်နက်နေတဲ့ ကာလအတွင်းမှာ (၄)ပတ် (၅)ပတ်လောက်အထိ အနားယူသွားရပါတော့မယ်။

Photo Credit : Football London

“ရိုမဲရိုးရဲ့ ဒဏ်ရာ အခြေအနေကို ကျွန်တော်တို့တွေ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် တံကောက်ကြောမှာ ဒဏ်ရာ ရရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်တို့တွေ (၄)ပတ်ကနေ (၅)ပတ်လောက်အထိ အနားပေးရပါတော့မယ်” လို့ နည်းပြ ပိုစတီဂိုဂလူးက အတည်ပြုသွားခဲ့ပါတယ်။

ဒါပေမယ့် စပါးအသင်းအတွက် သတင်းကောင်းတစ်ခုကတော့ ရာသီအစကတည်းက ခံစစ်တန်းမှာ ရိုမဲရိုးနဲ့ အတွဲအဖက်ညီခဲ့တဲ့ နယ်သာလန် ခံစစ်မှူး ဗန်ဒီဗန် ဒဏ်ရာကနေ သက်သာလာပြီမို့ မကြာခင်မှာပဲ အသင်းအတွက် ပြန်လည် ကစားပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။