ဘာစီလိုနာအသင်းနဲ့ လီဗာပူးလ်အသင်းရဲ့ ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ် ဒီးယက်ဇ်တို့ရဲ့ကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတယ်လို့ ဘောလုံးအပြောင်းအရွှေ့ အကျော်အမော် အီတလီ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက CaughtOffside မှာ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီနွေရာသီမှာ ဘယ်တောင်ပံတိုက်စစ်နေရာအတွက် ကစားသမားသစ်တစ်ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး လီဗာပူးရဲ့ လူဝစ် ဒီးယက်ဇ်ကို ပစ်မှတ်ထားလျက် ရှိနေသလို အားကစားဒါရိုက်တာ ဒေကိုဟာ လာမယ့်ရာသီမစခင် ကိုလံဘီယာအသင်းသား အသင်းဆီ ရောက်ရှိလာနိုင်ဖို့အတွက် နောက်ကွယ်မှာ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
Photo Credit : CaughtOffside
CaughtOffside သတင်းမီဒီယာရဲ့ အဆိုအရ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးရထားတဲ့ အခြေအနေတွေကို ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီးယက်ဇ်ရဲ့ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးကောင်းမွန်ကြောင်း သူက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“ကျွန်တော်သိရသလောက် ဘာစီလိုနာက လူးဝစ် ဒီးယက်ဇ်နဲ့ နီးစပ်သူတွေနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောပါတယ်။ ပြီးတော့ ဒီးယက်ဇ်က စပိန်မှာ အထူးသဖြင့် Barcelona မှာ စမ်းသပ်မှု အသစ်တစ်ခုကို လုပ်ဆောင်ဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။ မြန်ဆန်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်အတွက် ဒီလို စိတ်လှုပ်ရှားဖွယ် ဘောလုံးကစားဟန်က အပြည့်အဝ ကိုက်ညီမှာပါ။ ဒါကြောင့် ဒီးယက်ဇ်က ဒီအခွင့်အရေးကို စိတ်ဝင်စားနိုင်ပါတယ်။” လို့ ရိုမာနိုက မှတ်ချက်ပြုထားပါတယ်။
Photo Credit : The Empire of the Kop
ဒါ့အပြင် စပိန်အခြေစိုက် သတင်းဌာန Mundo Deportivo က ဒီးယက်ဇ်ဟာ လီဗာပူးကနေ ထွက်ခွာခဲ့ရင် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့သာ စဉ်းစားနေကြောင်း ဘာစီလိုနာကလည်း ဒီးယက်ဇ် အပြောင်းအရွှေ့အတွက် သဘောတူညီချက်တစ်ခုကို ဖြစ်မြောက်အောင်လုပ်ဖို့ ငွေကြေးအင်အား ရှိလာတဲ့အထိ စောင့်ဆိုင်းဖို့ ပြင်ဆင်ထားကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီးယက်ဇ်ဟာ ငယ်စဉ်ကတည်းက ဘာစီလိုနာအသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး နာမည်ကျော် ဘလောင်ဂရာနာအင်္ကျီကို ဝတ်ဆင်ဖို့က သူ့ရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဒီနွေရာသီဟာ အဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်လာပုံရပါတယ်။ ဒါပေမယ့် ဘာစီလိုနာအနေနဲ့ လီဗာပူးနဲ့ ညှိနှိုင်းနိုင်ဖို့အတွက် လုံလောက်တဲ့ အသုံးစရိတ်မျိုးကိုတော့ ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်။