အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားက ရာသီကုန်မှာ လီဗာပူးနဲ့ လမ်းခွဲတော့မယ့် ဝါရင့် တိုက်စစ်မှူး ဖာမီနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ရိုးမားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဖာမီနိုဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး သူက လီဗာပူးအတွက် ၈နှစ်ကြာအောင် ကစားပေးခဲ့ချိန်မှာ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဖာမီနိုက လီဗာပူး အတွက် ၈နှစ်ကြာအောင် ကစားပေးခဲ့ရာ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပစူပါဖလား ၁ကြိမ် ၊ ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ ကွန်မြူနတီဒိုင်း ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ ကာရာဘောင်းဖလား ၁ကြိမ်တို့ကို ရယူနိုင်ခဲ့ပြီး သူက ၈နှစ်တာ ကာလအတွင်းမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၃၅၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဖာမီနိုက လီဗာပူးပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်သလို လီဗာပူးဘက်ကလည်း သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ဖာမီနိုဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ရိုးမား အပါအဝင် ဥရောပ နာမည်ကြီးကလပ်တွေက ဖာမီနိုကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်နေကြပါတယ်။

Photo Credit: Standard

ရိုးမားနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Roma Pressရဲ့ ဖော်ပြချက်အရ ရိုးမားက ဖာမီနိုကို နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး ရိုးမားရဲ့ တာဝန်ရှိသူတွေက ဖာမီနိုရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုတွေပါ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

ရိုးမား အပါအဝင် ဂျူဗင်တပ် ၊ အင်တာမီလန် စတဲ့ စီးရီးအေ ထိပ်သီးကလပ်တွေက ဖာမီနိုရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး ဖာမီနိုက ဥရောပမြေမှာသာ ဆက်လက် ကစားဖို့ ဆန္ဒရှိနေတာကြောင့် ဖာမီနိုရဲ့ အသင်းသစ်ဟာ စီးရီးအေအသင်း ဖြစ်နိုင်ကြောင်း ဖာမီနိုနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။