မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အနာဂတ်ပျောက်ဆုံးနေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့အတွက် အီတလီစီးရီးအေကလပ် ရိုးမားအသင်းကပါ အပြိုင်လုပွဲထဲကို နောက်ဆုံးဝင်ရောက်လာခဲ့ပြီး သူရဲ့အပြောင်းအရွှေ့ဆိုင်ရာ အချက်အလက်တွေကို စတင်စုံစမ်းနေပြီဖြစ်ကြောင်း သိရပါတယ်။

Sport Italia ရဲ့ ဖော်ပြချက်အရ ရိုးမားအသင်းဟာ ယူနိုက်တက်မှာ အပယ်ခံဖြစ်နေတဲ့ ဆန်ချိုရဲ့အခြေအနေကို သတင်းအချက်အလက်တွေ ရယူပြီးနောက်မှာ တောင်ပံကစားသမားကို ခေါ်ယူဖို့ တက်တက်ကြွကြွ စတင်ကြိုးပမ်းလာတာဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ် ကစားသမားဟာ အစောပိုင်းက ဂျူဗင်တပ်စ်အသင်းနဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆိုပါသဘောတူညီမှုက လက်ရှိမှာတော့ ရပ်တန့်နေပါတယ်။

Photo Credit : Caught Offside

ဆန်ချိုရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဆီဘက်စတီယန် ကေးလ်ကလည်း ဆန်ချိုကို ဒေါ့မွန်မြေကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အစောပိုင်းက အတည်ပြုခဲ့ဖူးပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဘက်က တောင်ပံကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)ဝန်းကျင် သတ်မှတ်ထားပြီး စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေက ယူနိုက်တက်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို မပေးချင်တာ ဒါမှမဟုတ် အငှားစာချုပ်နဲ့သာ ခေါ်ယူပြီးမှ အပြီးသတ်ဝယ်ယူခွင့် ထည့်သွင်းချင်နေတာကြောင့် ညှိနှိုင်းမှုတွေက ရှေ့မဆက်နိုင်ဘဲ ဖြစ်နေပါတယ်။

Photo Credit : Football365

အီတလီမှာတော့ နောက်ထပ်ကလပ်တစ်ခုဖြစ်တဲ့ အင်တာမီလန်ကလည်း သူတို့ရဲ့ပစ်မှတ်ဖြစ်တဲ့ အဒီမိုလာ လွတ်ခ်မန်းရဲ့ အပြောင်းအရွှေ့ မရေရာမှုတွေကြားမှာ ဒေါ့မွန်ကစားသမားဟောင်း ဆန်ချိုကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂျူဗင်တပ်စ်အသင်းကတော့ ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေပါ ရရှိထားပြီးဖြစ်လို့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ အသင်းအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူလိုပေမယ့် ကစားသမားသစ်တွေ မခေါ်ယူခင်မှာ လက်ရှိကစားသမားတချို့ကို ရောင်းထုတ်ဖို့ စောင့်ဆိုင်းနေပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား ကားလို့စ် ဘာလီဘာကို ခေါ်ယူဖို့ ညှိနှိုင်းမှုတွေမစတင်ခင်မှာ အလက်ဟန်ဒရို ဂါနာချို၊ အန်တိုနီနဲ့ ဆန်ချိုတို့ကို ရောင်းချလိုနေတယ်လို့ သိရပါတယ်။