ရိုးမားအသင်းကတော့ သူတို့အသင်းရဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုရဲ့နေရာမှာ နာမည်ကျော် အီတလီလူမျိုး ဘောလုံးနည်းပြ တစ်ဦးဖြစ်တဲ့ အန်တိုနီယို ကွန်တီနဲ့ အစားထိုးသွားဖို့ စဉ်းစားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ရိုးမားအသင်းနဲ့ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရတဲ့ နည်းပြကြီး မော်ရင်ဟိုဟာ သူရဲ့ တတိယမြောက်ရာသီ အစဉ်အလာတွေအတိုင်း ဒီရာသီထဲ စီးရီးအေ (၇)ပွဲ ကစားထားပြီးချိန်မှာ နိုင်ပွဲက (၂)ပွဲသာ ရထားခဲ့ပြီး (၅)ပွဲအထိ နိုင်ပွဲပျောက်ထားခဲ့ရသလို အမှတ်ပေးဇယားရဲ့ အဆင့် (၁၃)ထိတောင် ရောက်ရှိနေပါတယ်။

Photo Credit : talkSPORT

မော်ရင်ဟိုဟာ စပါးနဲ့ လမ်းခွဲပြီးနောက် ရိုးမားအသင်းနည်းပြသစ် ဖြစ်လာချိန် သူရဲ့ ပထမဆုံး ပွဲဦးထွက်ရာသီမှာပဲ ရိုးမားအသင်းကို ကွန်းဖရန့်စ်လိဂ် ချန်ပီယံ ဖြစ်လာအောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။

ဒါတင်မကသေးပဲ ဒုတိယမြောက် ဘောလုံးရာသီမှာလည်း ရိုးမားအသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိ ထပ်မံ ပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် လက်ရှိ မော်ရင်ဟိုရဲ့ တတိယမြောက်ရာသီမှာတော့ စီးရီးအေ အဖွင့် (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အထိ အခြေအနေ ဆိုးရွှားခဲ့ရပါတယ်။

Photo Credit : TEAMtalk

ဂျီနိုအာကို အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ စီးရီးအေ ပွဲစဉ် (၆)အပြီးမှာ သူရဲ့ ရိုးမားနည်းပြ အနာဂတ်က မရေရာတော့ဘူးလို့ မော်ရင်ဟိုကိုယ်တိုင် ပြောဆိုထားခဲ့သလို အခုလည်း ရိုးမားအသင်းက အင်တာမီလန် ဂျုဗင်တပ်စ်တို့လို စီးရီးအေကလပ်တွေအပြင် အီတလီ လက်ရွေးစင်အသင်းကိုပါ ကိုင်တွယ်ဖူးခဲ့တဲ့ ကွန်တီနဲ့ပါ သတင်းထွက်လာခဲ့ပါတယ်။

ကွန်တီကတော့ ၂၀၂၃ မတ်လကတည်းက စပါးအသင်းနဲ့ လမ်းခွဲထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ နည်းပြတစ်ဦး ဖြစ်နေတာကြောင့် သူ့ကို ရိုးမားအသင်းက စိတ်ဝင်စားနေသလို မော်ရင်ဟို လက်ထက် ရိုးမားရဲ့ ရလဒ်တွေသာ ဆက်လက် ဆိုးရွှားနေဦးမယ်ဆိုရင်တော့ မော်ရင်ဟိုနေရာမှာ ကွန်တီနဲ့ အစားထိုးဖွယ်လည်း ရှိလာနိုင်ပါတယ်။