အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ပိုင်း အတွက် ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇစ်ရဲ့ ဘယ်နောက်ခံလူ အန်ဂျလီနိုကို အငှားနဲ့ ခေါ်ယူဖို့ အသင်းနဲ့ရော ၊ ကစားသမားနဲ့ပါ တရားဝင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၂၇နှစ် အရွယ် စပိန်ဘယ်နောက်ခံလူ အန်ဂျလီနိုက မန်ချက်စတာ စီးတီး ကနေ လိုက်ပ်ဇစ်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ နည်းပြအပြောင်းအလဲတွေကြောင့် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်လာရပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ အန်ဂျလီနိုက ယခုနှစ် ဘောလုံးရာသီ အစမှာ လိုက်ပ်ဇစ် ကနေ တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးဆီ ၁ရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပြီး ဂါလာတာစာရေးက အန်ဂျလီနို အတွက် အငှားကြေး ယူရို ၁.၅သန်း အထိ ပေးချေခဲ့ရပါတယ်။

အန်ဂျလီနိုက ဂါလာတာစာရေးဆီ ရောက်ရှိပြီးနောက် ပုံမှန် ကစားခွင့် ရခဲ့ပြီး သူက ဂါလာတာစာရေး အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Metro

သူရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားက အန်ဂျလီနိုကို ယခု ဆောင်း‌ဈေးကွက်မှာပဲ ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး အန်ဂျလီနိုကလည်း သူ့ဘဝရဲ့ စိန်ခေါ်မှုအသစ် အဖြစ် အီတလီနိုင်ငံမှာ သွားရောက် ကစားချင်တာကြောင့် ရိုးမားရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရိုးမားက အန်ဂျလီနိုကို ရာသီဝက်အငှား + ရာသီကုန်မှာ ယူရို ၆သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ဆိုတဲ့ သဘောတူညီချက်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး အန်ဂျလီနိုဟာ ယနေ့မှာပဲ ရောမမြို့ဆီ လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဖို့ စီစဉ်ထားပြီး ဂါလာတာစာရေးကလည်း အန်ဂျလီနိုကို အသင်းပြောင်းခွင့် ပေးဖို့ သဘောတူခဲ့ကြောင်း သိရှိရပါတယ်။