ရီးရဲလ် မက်ဒရစ်အသင်းမှာ နေရာပျောက်ဆုံးနေတဲ့ တောင်ပံတိုက်စစ်ကစားသမား ရိုဒရီဂိုဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ ပြင်းထန်တဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး အသင်းပြောင်းရွှေ့ဖို့ အခြေအနေ နီးစပ်နေပြီ ဖြစ်ပါတယ်။
ရီးယဲလ်နည်းပြသစ် ဇာဘီ အလွန်ဆို လက်ထက်မှာ ဘရာဇီးလ်ကြယ်ပွင့်ရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့ပြီး အင်္ဂါနေ့က ကစားခဲ့တဲ့ အိုဆာဆူနာနဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာလည်း အသုံးမပြုခဲ့တဲ့ အရံကစားသမားအဖြစ်သာ ရှိနေခဲ့ပါတယ်။
Photo Credit : PSG Talk
သတင်းထောက် ဂျော့ဂျ် နီကိုလာရဲ့ ဖော်ပြချက်အရ ရိုဒရီဂိုဟာ ဒီနွေရာသီမှာ မက်ဒရစ်ကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ဖို့အတွက လီဗာပူးလ်နဲ့ မန်စီးတီးတို့ နှစ်သင်းတည်း အဓိကပြိုင်ဆိုင်နေကြတယ်လို့ သိရပါတယ်။
မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာဟာ ဘရာဇီးလ်ကြယ်ပွင့်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေပေမယ့် ဒီအပြောင်းအရွှေ့ဟာ သူတို့ရဲ့ကစားသမား ဆာဗင်ဟို တော့တင်ဟမ် ဟော့စပါးအသင်းကို ပြောင်းရွှေ့သွားမှသာ ဖြစ်မြောက်လာနိုင်ဖွယ် ရှိနေပါတယ်။ တစ်ဖက်မှာလည်း လီဗာပူးလ်အသင်းဟာ ဒီနွေရာသီအစောပိုင်းက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ လူးဝစ် ဒီယက်ဇ်ရဲ့နေရာမှာ တိုက်ရိုက်အစားထိုးဖို့အတွက် ရိုဒရီဂိုကို ပစ်မှတ်ထားကာ အပြောင်းအရွှေ့ပြိုင်ပွဲထဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Caught Offside
အိုဆာဆူနာနဲ့ပွဲမှာ ရိုဒရီဂိုကို အရံခုံမှာ ချန်ထားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နည်းပြ အလွန်ဆိုက ပွဲအပြီးမှာ “ရိုဒရီဂိုနဲ့ပတ်သက်ပြီး ဘာမှမဖြစ်ပါဘူး။ ကျွန်တော် သူ့ကို အားကိုးပါတယ်။ ဒါက ပွဲတစ်ပွဲအတွက် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်သက်သက်ပါပဲ။” လို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။
ရိုဒရီဂိုဟာ ရီးရဲလ် မက်ဒရစ်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ကလပ်အသင်းဘက်ကလည်း သူတို့ တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀) မရရင် ကစားသမားကို ရောင်းချဖို့ အလျင်စလိုမရှိဘူးလို့ အစောပိုင်းကတည်းက ရှင်းလင်းစွာ ပြောဆိုထားပါတယ်။