ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် ကြယ်ပွင့်ကစားသမားလေး ရိုဒရီဂိုက သူတို့အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လို့နေတဲ့ ပြင်သစ် စူပါစတား ကစားသမား ကီလီယန် အမ်ဘာပေနဲ့ တွဲဖက်ကစားချင်တယ် ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ရီးယဲလ်အသင်းက ပီအက်စ်ဂျီရဲ့ ပြင်သစ် ထိပ်သီး တိုက်စစ်ကစားသမား အမ်ဘာပေကို အသင်းဆီ ခေါ်ဆောင်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ဖူးသလို အခုလည်း လာမယ့် ၂၀၂၄ နွေရာသီမှာပါ အရ ခေါ်ယူနိုင်ဖို့အတွက် နောက်ဆုံးတစ်ကြိမ် ထပ်မံ ကြိုးပမ်းလာပါတယ်။

Photo Credit : Goal

အခုဆိုရင် ဘာပေကလည်း လာမယ့်နွေမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီး သူ့ကို အလိုရှိနေတဲ့ ရီးယဲလ်အသင်းဆီကိုသာ အလွတ်နဲ့ ပြောင်းရွှေ့သွားဖို့ပါ ဆုံးဖြတ်ထားခဲ့ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

ဘာပေဟာ ဒီဘောလုံးရာသီအကုန်မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းပါ ကုန်ဆုံးမှာဖြစ်ပြီး 1 year option ကလည်း ဘာပေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်နေတာဖြစ်လို့ စာချုပ် ထပ်တိုးဖို့ထက် ရီးယဲလ်အသင်းဆီသာ free transfer နဲ့ ပြောင်းရွှေ့သွားဖို့ အခြေအနေများနေပါတယ်။

Photo Credit : Fabrizio Romano

အခုလို ရီးယဲလ် ကစားသမားသစ် ဖြစ်လာနိုင်ဖို့ ရှိနေတဲ့ ဘာပေနဲ့ ပတ်သက်ပြီး ရိုဒရီဂိုက “တကယ်လို့များ ကီလီယန် အမ်ဘာပေသာ ကျွန်တော်တို့အသင်းဆီ ရောက်လာခဲ့မယ်ဆိုရင်တော့ သူက ကျွန်တော်တို့ကို အများကြီး အကူအညီပေးသွားပါလိမ့်မယ်။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါပဲ။”

“ကျွန်တော်လည်း အမ်ဘာပေလို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ သေချာပေါက် တွဲဖက်ကစားသွားချင်ပါတယ်။ ဒါပေမယ့်လည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ဘက်က ဒီထက်ပိုပြီး မပြောနိုင်ပါဘူး။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။