ရီးယဲလ် မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့် ရိုဒရီဂိုတစ်ယောက် အသင်းဖော်တွေဖြစ်တဲ့ ဂျုဒ် ဘယ်လင်ဟမ်နဲ့ ကီလီယန် အမ်ဘာပေတို့နဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုကြောင့် အသင်းမှာ ဆက်မကစားချင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက်(၂၄)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမားဟာ နွေရာသီမှာ အသင်းကနေထွက်ခွာချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားပြီးနောက် တနင်္ဂနွေနေ့က နူးကမ့်မှာ ကစားခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲကြီးပွဲကောင်းမှာ ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီပွဲစဉ်မှာ ရီးယဲလ်ဟာ ဘာစီလိုနာကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဘာစီလိုနာက အမှတ်ပေးဇယားထိပ်မှာ (၇)မှတ်အသာနဲ့ လာလီဂါဖလား ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

နည်းပြကြီး ကားလို့ အန်ဆယ်လော့တီကလည်း ဘရာဇီးလ်အသင်းရဲ့ နည်းပြအဖြစ် တနင်္လာနေ့က ခန့်အပ်ခံရပြီးနောက် ရိုဒရီဂိုကပါ သူ့နည်းပြနောက်ကိုလိုက်ပြီး အသင်းက ထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။ ဒီအခြေအနေကြောင့် ဥရောပတစ်လွှားက ထိပ်တန်းကလပ်တွေဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ရိုဒရီဂိုကို ခေါ်ယူဖို့ အသင့်အနေအထားမှာ ရှိနေကြပါပြီ။ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘယ်လင်ဟမ်နဲ့ အမ်ဘာပေတို့ကို မီဒီယာတွေက အလွန်အမင်းအာရုံစိုက်နေမှုက ရိုဒရီဂိုကို ဘာနေဗျူးမှာ နေရာပျောက်စေသလို ခံစားစေခဲ့ပါတယ်။ တချိန်က ရိုဒရီဂိုဟာ ဘရာဇီးလ်အသင်းဖော် ဗင်နီစီယပ်စ်နဲ့အတူ အသင်းရဲ့အဓိက တိုက်စစ်နေရာကို မျှဝေယူဖို့ မျှော်လင့်ခဲ့ဖူးပါတယ်။

၂၀၂၃ နွေရာသီမှာ ဒေါ့မွန်ကနေ ရီးယဲလ်ကို ပြောင်းရွှေ့လာတဲ့ ဘယ်လင်ဟမ်ဟာ သူရဲ့ ပထမဆုံးရာသီမှာပဲ အကောင်းဆုံး ခြေစွမ်းပြသပြီး စပိန်မီဒီယာတွေရဲ့ ချီးကျူးမှုကို အလျင်အမြန်ရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာပေဟာလည်း ကမ္ဘာ့အဆင့်အမြင့်ဆုံး ကြယ်ပွင့်တစ်ဦးအဖြစ် ပြီးခဲ့တဲ့နွေရာသီက ရီးယဲလ်ကို ရောက်ရှိလာခဲ့ပြီး အဓိက ဆုဖလားကြီးတွေနဲ့ လွဲချော်ခဲ့ရပေမယ့် ပြိုင်ပွဲစုံမှာတော့ (၃၈)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Real Madrid Confidencial

ဘာပေ ရောက်ရှိလာမှုက ပြင်သစ်သားနဲ့အတူ အသင်းရဲ့ အရေးပါဆုံး ဖြစ်ခဲ့တဲ့ ဗင်နီစီယပ်စ်နဲ့လည်း အက်ကြောင်းတွေ ဖြစ်စေခဲ့တယ်လို့ စပိန်သတင်းစာက ဆိုပါတယ်။ ဘယ်လင်ဟမ်နဲ့ ဘာပေတို့ ရောက်ရှိလာတာက ရိုဒရီဂိုလို ကစားသမားတွေဆီကနေ မီဒီယာအာရုံစိုက်မှုကို လမ်းလွှဲလိုက်ရုံတင်မကဘဲ ဒီရာသီမှာ နည်းပြအန်ဆယ်လော့တီကို နည်းစနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲကြီးတွေ လုပ်ဆောင်စေခဲ့ပါတယ်။ သူ့ရဲ့ ကြယ်ပွင့်ကစားသမားတွေအတွက် အကောင်းဆုံးပုံသေနည်းကို ရှာဖွေဖို့ ကြိုးစားရာမှာ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ရာသီကထက် သူ့အသင်းရဲ့ကွင်းတွင်းခြေစွမ်း ကျဆင်းလာတာကို တွေ့မြင်ခဲ့ရပါတယ်။ ဘယ်လင်ဟမ်က ကွင်းလယ်ပိုဆင်းကစားရပြီး ရိုဒရီဂိုကတော့ အမ်ဘာပေအတွက် တိုက်စစ်အလယ်နေရာ ဖန်တီးပေးဖို့ တောင်ပံကို ပိုထွက်ကစားခဲ့ရပါတယ်။

ရိုဒရီဂိုဟာ ဒီအခြေအနေပေါ်မှာ အလွန် ဒေါသထွက်နေတာကြောင့် အယ်လ်ကလက်စီကိုပွဲမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့သလို သူ့ရဲ့နေအိမ်မှာပဲ တစ်ကိုယ်တည်း နေထိုင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ အသက်(၂၄)နှစ်အရွယ် ကြယ်ပွင့်ကစားသမားဟာ ၂၀၁၉ ခုနှစ်ကတည်းက ဘရာဇီးလ်ကလပ် ဆန်းတို့စ်ကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ပွဲပေါင်း(၂၅၀)ကျော် ပါဝင်ကစားခဲ့သလို ဆုဖလားပေါင်းများစွာ ဆွတ်ခူးခဲ့ပါတယ်။