ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ရိုဒရီကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ နိုင်ပွဲ ရအောင် ကစားကာ ပြီးခဲ့တဲ့နှစ်ရဲ့ ရှုံးကြွေးကို ပြန်ဆပ်ဖို့ အတွက် မစောင့်နိုင်တော့ဘူးလို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတွေ ဖြစ်ကြပြီး ယနေ့ညမှာတော့ သူတို့နှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားကြမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ယခုလိုပဲ ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ဖူးပြီး အဆိုပါ တွေ့ဆုံမှုမှာ ရီးရဲလ်မက်ဒရစ်က မန်ချက်စတာ စီးတီးကို နောက်ဆုံးမိနစ် ချေပဂိုးနဲ့ အချိန်ပို အနိုင်ဂိုးတွေ သွင်းယူကာ အနိုင်ယူခဲ့ပါတယ်။

ဒါကြောင့် ယခုတကြိမ် ပြန်လည် တွေ့ဆုံမှုက မန်ချက်စတာ စီးတီး အတွက် ရီးရဲလ်မက်ဒရစ်ကို ပြန်လည် လက်စားချေနိုင်မယ့် အခွင့်အရေးကောင်း တခု ဖြစ်ပြီး မန်ချက်စတာ စီးတီးရဲ့ ကစားသမား အများစုက ရီးရဲလ်မက်ဒရစ်ကို ပြန်လည် လက်စားချေဖို့ စိတ်အားထက်သန်နေကြကာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ ရိုဒရီကလည်း သူတို့အသင်းဟာ ပြီးခဲ့တဲ့နှစ်မှာ လုပ်မိခဲ့တဲ့ အမှားတွေကို သင်ခန်းစာ ယူပြီး ရီးရဲလ်မက်ဒရစ်ကို ပြန်လည် လက်စားချေသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: MEN

ရိုဒရီက – “ကျွန်တော်တို့က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ပွဲရဲ့ နောက်ဆုံးမိနစ်တွေကို ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒီအဖြစ်အပျက်က ကျွန်တော်တို့ အတွက် သင်ခန်းစာ တခုပါပဲ။ ကျွန်တော်တို့အသင်းက ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်နဲ့ မတူကွဲပြားတဲ့ အသင်းတသင်း ဖြစ်နေပါပြီ။ ပြီးတော့ ကျွန်တော်တို့က လက်စားချေဖို့လည်း အတော်လေး စိတ်အားထက်သန်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ကို လက်စားပြန်ချေနိုင်ဖို့ မစောင့်နိုင်တော့ပါဘူး” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။