မန်ချက်စတာ စီးတီးအသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား ရိုဒရီက သူရဲ့လက်ရွေးစင် အသင်းဖော် ဘယ်တောင်ပံကစားသမား နီကို ဝီလီယံစ်ကို ခေါ်ယူသွားဖို့အတွက် မန်စီးတီးအသင်းဆီ အကြံပြု တိုက်တွန်းထားတယ်လို့ Metro သတင်းမီဒီယာကနေ ဖော်ပြသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ စပိန်လက်ရွေးစင် တောင်ပံကစားသမား နီကို ဝီလီယံစ်ဟာ သူ့အစ်ကိုဖြစ်သူ အင်နာကီ ဝီလီယံစ် ကစားနေတဲ့ ဘီလ်ဘာအိုအသင်းဆီကို ၂၀၁၃ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၂၀မှာပဲ ဘီလ်ဘာအို စီနီယာအသင်းကြီးအတွက် စတင် ကစားခွင့် ရလာခဲ့ပါတယ်။

Photo Credit : Transfermarket

အဲ့ဒီအချိန်ကနေ စတင်ပြီး ဘီလ်ဘာအိုရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့တဲ့ နီကို ဝီလီယံစ်ဟာ ဘီလ်ဘာအိုအသင်းနဲ့အတူ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးနိုင်ခဲ့ရသလို အဲ့ဒီရာသီမှာပဲ စပိန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာရပါတယ်။

ဒါ့အပြင် ၂၀၂၄ ယူရိုပြိုင်ပွဲမှာပါ စပိန်အသင်းအတွက် ပွဲထွက်ကစားခဲ့ရပြီး ညာတောင်ပံမှာ ယာမားလ်နဲ့ တွဲဖက်ကာ အကောင်းဆုံး တောင်ပံတစ်စုံနဲ့ စပိန်တိုက်စစ်ကို အကောင်းဆုံး မောင်းနှင်ရင်း ယူရိုဖလားကြီးကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲကြီး ပြီးဆုံးသွားကတည်းက နီကို ဝီလီယံစ်ဟာ ဥရောပထိပ်သီး အသင်းတိုင်းရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာခဲ့ပါတယ်။

Photo Credit : Forbes

နီကို ဝီလီယံစ်ကို အဓိက ပစ်မှတ်ထားခဲ့တဲ့ အသင်းကတော့ ဘာစီလိုနာအသင်းဖြစ်ပြီး အသင်းမှာရဲ့ ညာခြမမ်းမှာ ယာမားလ် ရှိနေတာကြောင့် ဘယ်ခြမ်းအတွက် ဝီလီယံစ်ကို အလိုရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက ဒီနွေမှာတော့ နီကို ဝီလီယံစ်ကို မခေါ်ယူနိုင်ခဲ့ဘဲ စပိန် ကွင်းလယ်တိုက်စစ် ကစားသမား အော်လ်မိုကိုသာ ခေါ်ယူဖြစ်ခဲ့ပါတယ်။

ဒီရာသီ ဘီလ်ဘာအိုမှာသာ ဆက်ကစားနေရတဲ့ ဝီလီယံစ်က လာမယ့်နွေမှာတော့ အသင်းပြောင်းဖို့ သေချာသလောက် ရှိနိုင်တဲ့အတွက် ရိုဒရီက မန်စီးတီးအနေနဲ့ နီကို ဝီလီယံစ်ကို တခြားအသင်းတွေထက် လက်ဦးမှု ရယူနိုင်အောင် ကမ်းလှမ်းသင့်တယ်လို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။