ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးနဲ့ စပိန်အသင်းတို့ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်မှာ စကော့တလန်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရပြီးနောက် စကော့တလန်ကို ညစ်ပတ်တဲ့အသင်းလို့ ဝေဖန်သွားခဲ့ပါတယ်။

စကော့တလန်နဲ့ စပိန်တို့က ယူရို ၂၀၂၄ရဲ့ ခြေစစ်ပွဲအဆင့်မှာ နော်ဝေ ၊ ဂျော်ဂျီယာ ၊ ဆိုက်ပရပ်စ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး နှစ်သင်းစလုံးက အုပ်စုအဖွင့်ပွဲတွေမှာ နိုင်ပွဲတွေ အသီးသီး ရရှိခဲ့ကြပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်ပဲ သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက ခြေစစ်ပွဲ အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုမို များသွားမှာ ဖြစ်ပြီး နှစ်သင်းစလုံးကလည်း ယနေ့မနက်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ နိုင်ပွဲ ရအောင် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းကာ ကစားခဲ့ကြပါတယ်။

စကော့တလန်နဲ့ စပိန်တို့ရဲ့ ကြားထဲမှာ ကစားသမား အင်အား ကွာခြားချက် ကြီးမားလွန်းတာကြောင့် ဧည့်သည် စပိန်ကပဲ နိုင်ပွဲကို ရရှိသွားလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ စကော့တလန်က စပိန်ကို အကောင်းဆုံး ဧည့်ခံ ကစားသွားနိုင်ခဲ့သလို အဓိက ကွင်းလယ်လူ တော်မီနေးရဲ့ သွင်းဂိုး ၂ဂိုးနဲ့ အနိုင်ရကာ အုပ်စုကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

စကော့တလန် ၂-၀ စပိန် ပွဲစဉ်မှာ စပိန်က ဘောလုံးပိုင်ဆိုင်မှု ၇၅ရာခိုင်နှုန်း အထိ ရရှိခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေ များများစားစား မဖန်တီးနိုင်ခဲ့ပဲ စပိန်ရဲ့ အဓိက ကွင်းလယ်လူ ရိုဒရီကတော့ စကော့တလန်ဟာ ညစ်ပတ်တဲ့ ကစားဟန်နဲ့ အချိန်ဆွဲကာ ကစားသွားတာကြောင့်သာ သူတို့ကို အနိုင်ရသွားတာလို့ ဝေဖန်သွားခဲ့ပါတယ်။

ရိုဒရီက – “ဘောလုံးသမား တယောက်အနေနဲ့ ပြိုင်ဘက်ရဲ့ ကစားပုံကို လေးစားရမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် စကော့တလန်ရဲ့ ကစားပုံက အမှိုက်လို ကစားပုံမျိုးပါ။ သူတို့က တပွဲလုံး အချိန်ဆွဲပြီး ကစားသွားခဲ့ပါတယ်။ ပြီးတော့ သူတို့က ကျွန်တော်တို့ကို ရန်စတယ်။ ဟန်ဆောင်လှဲချတယ်။ ကျွန်တော့်အတွက် ဒါကြီးက ဘောလုံးကစားနည်း မဟုတ်ပါဘူး။ ကွင်းလယ်ဒိုင်ကလည်း သူတို့ရဲ့ အပြုအမူတွေ အတွက် ဘာမှဝင်မပြောခဲ့ပါဘူး။ ရှုံးပွဲအတွက် စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရချင်ခဲ့တာပါ။ သူတို့က တပွဲလုံး အချိန်ဆွဲပြီး ကစားသွားခဲ့တာကြောင့် ဒီပွဲရဲ့ ရလဒ်ပိုင်းကို လက်ခံနိုင်ဖို့ ခက်ခဲနေပါတယ်။ ဒါပေမယ့် အချိန်ဆွဲတာက သူတို့ရဲ့ လက်နက်တခုပါ။ ကျွန်တော်တို့က ဒါကို သင်ခန်းစာ ယူပြီး နောက်တပွဲမှာ ဒီလိုမျိုး မဖြစ်တော့အောင် လုပ်ရပါမယ်” လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။