ယမန်နေ့ညမှာပဲ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီက သူတို့အသင်းနဲ့ ချန်ပီယံလုဘက် အာဆင်နယ်တို့ ကြားထဲမှာ ရှိနေတဲ့ တခုထဲသော ကွာခြားချက်ဟာ စိတ်ဓာတ်ပိုင်း ဖြစ်ကြောင်း ပရီးမီးယားလိဂ်ချန်ပီယံ အဖြစ် အောင်ပွဲခံပြီးတဲ့နောက် ပထမဦးဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရိုဒရီရဲ့ မန်ချက်စတာ စီးတီးနဲ့ လန်ဒန်မြို့ခံကလပ် အာဆင်နယ်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရာသီပိတ်ပွဲ အထိ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး ရာသီပိတ်ပွဲမှာ မန်ချက်စတာ စီးတီးက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရသလို အာဆင်နယ်ကလည်း သူတို့ရဲ့ အိမ်ကွင်းမှာ အဲဗာတန်ကို လက်ခံ ကစားခဲ့ရပါတယ်။

Photo Credit: Sky Sports

အကယ်၍သာ ရာသီပိတ်ပွဲမှာ အာဆင်နယ်က အဲဗာတန်ကို အနိုင်ရပြီး မန်ချက်စတာ စီးတီးက ဝက်စ်ဟမ်းကို သရေ (သို့) အရှုံး ဆိုတဲ့ ရလဒ်မျိုး ရခဲ့ရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခွင့် ရမှာ ဖြစ်ပေမယ့် မန်ချက်စတာ စီးတီးက ဝက်စ်ဟမ်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အကောင်းဆုံး အနိုင်ယူရင်း (၄)နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

တဖက်မှာတော့ အာဆင်နယ်က အဲဗာတန်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ခက်ခက်ခဲခဲ အနိုင်ရခဲ့ပေမယ့် မန်ချက်စတာ စီးတီးရဲ့ နိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဒုတိယနေရာနဲ့ပဲ (၂)နှစ်ဆက်တိုက် ကျေနပ်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု ပေးတဲ့ အခမ်းအနား ပြီးနောက် သတင်းထောက် တဦးက ရိုဒရီဆီ ချဉ်းကပ်ကာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံ ဖြစ်ရတဲ့ လျို့ဝှက်ချက်ကို မေးမြန်းခဲ့ရာ ရိုဒရီက “ချန်ပီယံစိတ်ဓာတ်” ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ရိုဒရီက – “အရိုးသားဆုံး ဖြေရရင်တော့ စိတ်ဓာတ်ပိုင်းပါပဲ။ ပရီးမီးယားလိဂ်ရဲ့ အသင်းတွေမှာ ထိပ်တန်း ကစားသမားတွေ အများကြီး ရှိကြပါတယ်။ အာဆင်နယ်မှာလည်း အတူတူပါပဲ။ အာဆင်နယ်ကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ထိုက်တန်ပါတယ်။ သူတို့က မယုံနိုင်စရာ ကောင်းတဲ့ ဘောလုံးရာသီ တခုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ သူတို့အသင်းနဲ့ ကျွန်တော်တို့ရဲ့ ကြားထဲမှ ရှိနေတဲ့ ကွာခြားချက်က စိတ်ဓာတ်ပိုင်းပါပဲ။ အာဆင်နယ်က ဒီနေရာကို (အီတီဟတ်ကွင်းအား ရည်ရွယ်လျက်) လာတုန်းက ၊ ကျွန်တော်တို့နဲ့ လာကစားတုန်းက သူတို့ဟာ ကျွန်တော်တို့ကို  အနိုင်မလိုချင်ခဲ့ပါဘူး။ သူတို့က သရေရလဒ်ပဲ လိုချင်ခဲ့တာပါ။ ကျွန်တော်တို့သာဆိုရင် သူတို့လိုမျိုး ကစားခဲ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ပြိုင်ဘက်ကို လိုက်မီအောင် အနိုင်ကစားမှာပါ။ သူတို့က ကျွန်တော်တို့ကို ၁မှတ် ခွဲပေးခဲ့တယ်။ အဲ့ဒီနောက်မှာ ကျွန်တော်တို့က ဘယ်လောက်ခက်ခက် လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ကစားခဲ့ပါတယ်။ စိတ်ဓာတ်ပိုင်းကပဲ နှစ်သင်းကြားမှာ ရှိတဲ့ ကွာခြားချက်ပါ” လို့ ပြောကြားသွားခဲ့တာပါ။