ဒူဘိုင်းဘာလွန်းဒေါလို့ လူသိများတဲ့ Globe Soccer Awards ဆုပေးပွဲမှာ ဆု(၂)ဆုကို ပိုင်ဆိုင်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဒီနှစ်ရဲ့ ဘာလွန်းဒေါဆုကို ရီးယဲလ် မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သာ ရခဲ့သင့်ပြီး ဗင်နီစီယပ်စ်အစား မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို ချီးမြှင့်ခဲ့ခြင်းဟာ မျှတမှု မရှိဘူးလို့ ပေါ်တင် ပြောဆိုသွားခဲ့ပါတယ်။
၂၀၂၄ ဘာလွန်းဒေါဆုပေးပွဲ မတိုင်ခင်ကလည်း ပေါက်ကြားထားတဲ့ သတင်းတွေအရ ဗင်နီစီယပ်စ်က ဘာလွန်းဒေါဆုရှင် ဖြစ်လာလိမ့်မယ်လို့ သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ရိုဒရီကသာ ဘာလွန်းဒေါဆုရှင် ဖြစ်လာခဲ့ရလို့ အုတ်အော်သောင်းနင်းတွေ ဖြစ်ခဲ့ရပါသေးတယ်။
Photo Credit : Sky Sports
ဗင်နီစီယပ်စ်ကို ဘာလွန်းဒေါဆု မချီးမြှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ရီးယဲလ်နဲ့ ဘရာဇီးလ် ကစားသမားတွေသာမကပဲ ထင်ရှားကျော်ကြားတဲ့ ဘောလုံးသမားတွေပါ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြသလို ရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း Globe Soccer Awards လို ဆုပေးပွဲမှာ လူသိရှင်ကြား ဝေဖန်သွားခဲ့ပါတယ်။
အဲ့ဒီဆုပေးပွဲမှာ ဗင်နီစီယပ်စ်က GSA ရဲ့ Best Player of the Year ဆုနဲ့ Best Forward ဆုတွေကို ပိုင်ဆိုင်ခဲ့ရသလို ဘာလွန်းဒေါဆုလို နောက်ထပ် အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Best FIFA Men’s Player ဆုကိုလည်း ပိုင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါကြောင့် ရော်နယ်လ်ဒိုက ဘာလွန်းဒေါဆုပေးပွဲဟာ မျှတမှု မရှိကြောင်းနဲ့ Globe Soccer Awards ဆိုရင် ရိုးသားမှုရှိကြောင်း ပေါ်တင် ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Essentially Sports
ဒီလို ပြောဆိုလာမှုကို ရိုဒရီက “ဒါက တကယ့်ကို အံ့အားသင့်စရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဆုပေးပွဲ ဘယ်လို အလုပ်လုပ်သလဲ ဆုရရှိတဲ့သူကို ဘယ်လို ရွေးချယ်သလဲဆိုတာကို သူက အားလုံးထက် ပိုသိနေတာကြောင့်ပါ။ ဒီနှစ်မှာကတော့ ဂျာနယ်လစ်တွေက ကျွန်တော် ဒီဆုကို ရသင့်တယ်ဆိုပြီး မဲပေးခဲ့ကြတယ်။”
“ဒီလိုပဲ ဒီသတင်းထောက်တွေကလည်း တစ်ချိန်တုန်းက သူ့ကို ဘာလွန်းဒေါဆုရှင်အဖြစ် မဲပေး ရွေးချယ်ခဲ့ကြသူတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကို သူလည်း သဘောတူညီလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။