လီဗာပူးလ်ရဲ့ ဘယ်နောက်ခံကစားသမား အန်ဒီ ရောဘတ်ဆန်က ဒီဘောလုံးရာသီထဲ သူတို့အသင်း ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေထဲမှာ ပီအက်စ်ဂျီထက် ပိုကောင်းတဲ့ အသင်းကို မတွေ့ခဲ့ရသေးဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ လီဗာပူးလ်အသင်းတို့ဟာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြတာဖြစ်ပြီး ပထမအကျော့ပွဲစဉ်အဖြစ် ပဲရစ်မှာ ယှဉ်ပြိုင်ခဲ့ကြပြီး အဲ့ဒီပွဲစဉ်ထဲ အိမ်ရှင် ပီအက်စ်ဂျီက တစ်ပွဲလုံးနီးပါး လွှမ်းမိုးနိုင်ခဲ့ပေမယ့် လူစားဝင် ကစားသမားလေး အဲလ်လီယော့ရဲ့ အသည်းခွဲဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒီတစ်ပတ် အင်္ဂါနေ့ညမှာတော့ ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်း အန်ဖီးလ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဒီရာသီထဲ လီဗာပူးလ်က အန်ဖီးလ်မှာဆိုရင် ပြိုင်ပွဲစုံမှာ နော်တင်ဟမ် ဖောရက်စ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားခဲ့ကာ ကျန်တဲ့ပွဲတွေမှာတော့ ရလဒ်တွေ ကောင်းမွန်ထားပါတယ်။ ဒီအခြေအနေမှာ ပီအက်စ်ဂျီက တစ်ဂိုးအရှုံး ရလဒ်နဲ့ လာကစားရမှာက ပိုလို့တောင် ခက်ခဲစေနိုင်ပါတယ်။

ပီအက်စ်ဂျီကလည်း လီဗာပူးလ်ကို မရှုံးခင်က တောက်လျှောက် နိုင်ပွဲဆက်ထားခဲ့တာဖြစ်ပြီး နောက်ဆုံး ကစားထားတဲ့ လီဂူးပွဲမှာလည်း ရန်းစ်အသင်းကို ဂိုးပြတ် အနိုင်ယူထားပါသေးတယ်။ ပီအက်စ်ဂျီအသင်းနဲ့ ပတ်သက်ပြီး လီဗာပူးလ် နောက်ခံအစွန်လူ ရောဘတ်ဆန်က “သူတို့က သူတို့ ဘယ်လောက်ကောင်းလဲဆိုတာ ပြသခဲ့တယ်။”

Photo Credit : Liverpool FC

“ထူးချွန်တဲ့ အသင်းပဲ။ ဒီရာသီမှာ ကျွန်တော်တို့ ကစားခဲ့ရတဲ့ အသင်းတွေထဲ အကောင်းဆုံးဖြစ်မယ်။” လို့ liverpool echo ကို ပြောခဲ့ပါတယ်။ ဒါ့အပြင် ရောဘတ်ဆန်က “ကျွန်တော်တို့ ပိုကောင်းအောင် ကစားရမယ်။ အလီဆန်က သူ့ဘဝရဲ့ အကောင်းဆုံး ပွဲကို အမြဲ ကစားပေးနိုင်မယ်ဆိုပြီး အားကိုးနေလို့ မရဘူး။”

“ဒီပွဲက ကျွန်တော်တို့ သိပ်မကြုံဖူးတဲ့ ပွဲမျိုးဆိုတာ သေချာပေါက်ပါပဲ။ ဘောလုံးပိုင်ဆိုင်မှု ကွာဟချက်က ဘယ်လောက် ကြီးမားလဲ သူတို့ ဂိုးကန်သွင်းခွင့်တွေ ဘယ်လောက်ရလဲ ကျွန်တော်တို့ကရော ဘယ်လောက်ရခဲ့လဲဆိုတာကို ကြည့်ရင် သိသာပါတယ်။” လို့ပါ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ ပကျော့ရလဒ် အားသားချက်ကို ကိုင်စွဲပြီး ဒုကျော့မှာပါ ရလဒ်ကောင်း ရယူပြီး ပီအက်စ်ဂျီကို ကျော်ဖြတ်သွားဖို့ သေချာပေါက် ပြင်ဆင်လာပါလိမ့်မယ်။