စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင်တွေထဲက တဦး ဖြစ်သူ ဆာဂျီ ရော်ဘတ်တိုက သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သလို ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ ကစားနေတဲ့ လီယွန်နယ် မက်ဆီကို ဘာစီလိုနာဆီ ပြန်လာဖို့ တောင်းဆိုသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ၂၀၂၁ခုနှစ် ဇွန်လမှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Goal

မက်ဆီက ပီအက်စ်ဂျီမှာ အသင်းဖော်ဟောင်း နေမာနဲ့ ပြန်ကစားခွင့် ရခဲ့ပေမယ့် အသင်းမှာ ရှိတဲ့ ကစားသမား အများစုနဲ့ သဟဇာတ မဖြစ်တာကြောင့် ပထမဦးဆုံး ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် မက်ဆီက ဒီနှစ်ရာသီမှာတော့ အမ်ဘာပေနဲ့ ပူးပေါင်းကာ ပီအက်စ်ဂျီရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင် ကစားထားနိုင်ပြီး မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၃၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ပီအက်စ်ဂျီက မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပေမယ့် မက်ဆီကတော့ ပီအက်စ်ဂျီမှာ ဆက်နေဖို့ထက် အသင်းပြောင်းဖို့ ရာခိုင်နှုန်း ပိုများနေပြီး လက်ရှိမှာ မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာ အပါအဝင် ဆော်ဒီ နာမည်ကြီးကလပ်တွေ ၊ မေဂျာလိဂ် နာမည်ကြီးကလပ်တွေက မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။

ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင် တဦး ဖြစ်သူ ရော်ဘတ်တိုကတော့ သူ့ရဲ့ မိတ်ဆွေ တဦး ဖြစ်သလို အသင်းဖော်ဟောင်းလည်း ဖြစ်တဲ့ မက်ဆီကို ဘာစီလိုနာမှာ ပြန်လည် မြင်တွေ့ချင်နေပြီး ဘာစီလိုနာဆီ ပြန်လာဖို့ ဖိတ်ခေါ်သွားပါတယ်။ ရော်ဘတ်တိုက – “ကျွန်တော်ကတော့ မက်ဆီ တယောက် ဘာစီလိုနာကို ပြန်လာဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က သူ့ကို မျှော်နေကြတာပါ။ သူက အခု ပီအက်စ်ဂျီမှာ ဖြစ်နေတဲ့ ကိစ္စတွေကို မခံစားသင့်တဲ့ ကစားသမားမျိုးပါ။ (ပီအက်စ်ဂျီပရိသတ်တွေက မက်ဆီကို လှောင်ပြောင်နေမှုအား ရည်ရွယ်လျက်) ကျွန်တော်တို့ ဘာစီလိုနာ တသင်းလုံးက လီယိုကို စောင့်နေကြပါတယ်။ ကျွန်တော်တို့က သူ့ကို ဘာစီလိုနာမှာပဲ ရှိနေစေချင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။