ပိုလန် ဂိုးမုဆိုးကြီး ရောဘတ်လီဝန်ဒေါစကီးဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာအသင်းဆီကို မပြောင်းရွေ့လာခင်တုန်းက ဘာစီလိုနာရဲ့ အခါးသီးဆုံး ပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွေ့ချင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Marca

ဘာစီလိုနာအသင်းဟာ အသက်(၃၄)နှစ်ခန့် ရှိနေပြီဖြစ်တဲ့ ကစားသမားတစ်ဦးအတွက် ပြောင်းရွေ့ကြေး ယူရို(၄၅)သန်းအထိ အသုံးပြုပြီး ခေါ်ယူထားခဲ့ပေမယ့် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ သူ့တန်ကြေးနဲ့ ထိုက်တန်တယ်ဆိုတာထက် ပိုမိုတဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်ခဲ့သလို လက်ရှိမှာလည်း ပြိုင်ပွဲစုံ (၂၁)ပွဲ ကစားထားကာ (၁၉)ဂိုးအထိတောင် သွင်းယူထားခဲ့သလို လာလီဂါမှာလည်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သွင်းဂိုး(၁၃)ဂိုးနဲ့ ရပ်တည်လို့နေပါတယ်။ ဒီလို အရည်အသွေး မြင့်မားလွန်းလှတဲ့ တိုက်စစ်ကစားသမားတစ်ဦးက ဘိုင်ယန်ဘက်က လက်မလွတ်ခဲ့ချင်ပေမဲ့ ကစားသမားကိုယ်တိုင်က ဘာစီလိုနာကို ပြောင်းရွေ့ဖို့ စိတ်အားထက်သန်ခဲ့နေတာကြောင့် နောက်ဆုံးမှာ ဘာစီလိုနာဆီ ရောင်းချခဲ့ရပါတယ်။

Photo Credit : Planet Football

ဘာစီလိုနာက လီဝန်ဒေါစကီးကို နွေဈေးတုန်းက အရ ခေါ်ယူချင်ခဲ့သလို လီဝန်ဒေါစကီးကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွေ့ချင်နေတာကြောင့် နောက်ဆုံးမှာ အပြောင်းအရွေ့ အထမြောက်ခဲ့ရင်း လီဝန်က ဘာစီလိုနာအတွက် ဂိုးတွေ သွင်းယူပေးနေနိုင်ပေမဲ့ တကယ်တမ်း လီဝန်ဒေါစကီး ပြောင်းရွေ့ချင်ခဲ့တဲ့ လာလီဂါကလပ်ဟာ ရီးယဲလ်မက်ဒရစ်အသင်း ဖြစ်တယ်လို့ Relevo ကနေ ဖော်ပြလာပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ် နွေရာသီမှာ လီဝန်ဒေါစကီးကသူ့အတွက် ကလပ်အသင်းသစ် ရှာဖွေပေးဖို့အတွက် သူ့အေးဂျင့်ကို ပြောဆိုခဲ့စဉ်က သူရဲ့ ဦးစားပေး ရွေးချယ်မှုက ရီးယဲလ်အသင်း ဖြစ်ခဲ့တာကြောင့် အေးဂျင့်ဖြစ်သူက ရီးယဲလ်အသင်းနဲ့ ဆွေးနွေးခဲ့ပေမဲ့ ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က လီဝန်ရဲ့ လက်ရှိအသက်အရွယ်နဲ့ သူတို့ရဲ့ တိုက်စစ်ကစားသမား ကာရန်ဘန်ဇီမာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနေသေးတာကြောင့် လီဝန်အနေနဲ့ ရီးယဲလ်ကို ပြောင်းရွေ့ခွင့် မရလိုက်ပဲ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်း ကစားသမား ဖြစ်လာခဲ့ရတဲ့ လီဝန်ဟာ အခုဆိုရင် ဘာစီလိုနာဂျာစီနဲ့ ရီးယဲလ်ကို ဒုတိယအကြိမ်အဖြစ် စပိန်စူပါဖလားဖိုင်နယ်မှာ ရင်ဆိုင်သွားရတော့မှာဖြစ်ပြီး သူ့ကို ငြင်းဆန်ခဲ့တဲ့ ပီရက်ဇ်ရဲ့ ရီးယဲလ်အသင်းကိုလည်း ဘယ်လို ဒုက္ခပေးသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။