ယမန်နေ့မှာပဲ ဘရိုက်တန် ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာခဲ့တဲ့ စပိန်ဂိုးသမား ရောဘတ် ဆန်းချက်က သူဟာ ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ် ကစားဖို့ ချယ်လ်ဆီးဆီ ပြောင်းလာတာ မဟုတ်ပဲ ပထမ ဂိုးသမား ဖြစ်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချယ်လ်ဆီး ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် စပိန်လက်ရွေးစင် ဂိုးသမား ရော်ဘတ် ဆန်းချက်က ချယ်လ်ဆီးဆီ ၇နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးက သူ့အတွက် ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၃သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Standard

ရော်ဘတ် ဆန်းချက်က ဘရိုက်တန်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ဂိုးသမားကောင်း တဦး ဖြစ်ပြီး စပိန်ဂိုးသမား တဦး ဖြစ်တာကြောင့် ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်မှာ ပါဝင် ကစားနိုင်သလို အမိုက်စား ကာကွယ်မှုတွေလည်း လုပ်ဆောင်နိုင်ပါတယ်။

ရော်ဘတ် ဆန်းချက်က ဘရိုက်တန်မှာ နံပါတ်၁ ဂိုးသမား ဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီးဆီ ရောက်လာချိန်မှာတော့ နံပါတ်၁ ဂိုးသမားနေရာ အတွက် လက်ရွေးစင် အသင်းဖော် ကီပါနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး လက်ရှိမှာတော့ ချယ်လ်ဆီးနည်းပြချုပ် မော်ရီစီယို ပိုချက်တီနိုက ကီပါကို နံပါတ်၁ ဂိုးသမား အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Team Talk

ပိုချက်တီနိုက ကီပါကို နံပါတ်၁ ဂိုးသမား အဖြစ် သုံးစွဲဖို့ စီစဉ်ထားပေမယ့် ကီပါသာ အမှားတွေ လုပ်မိရင် ဆန်းချက်ကို ချက်ချင်း နေရာပေးသွားမှာ ဖြစ်ပြီး ဆန်းချက်ကတော့ သူဟာ ချယ်လ်ဆီးရဲ့ နံပါတ်၁ ဂိုးသမားနေရာကို အရယူနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

ဆန်းချက်က – “ချယ်လ်ဆီးဆီ ပြောင်းလာနိုင်လို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ပိုချက်တီနိုလို နည်းပြတယောက်နဲ့ လက်တွဲခွင့် ရတာက အရမ်းကောင်းတဲ့ အခွင့်အလမ်း တခုပါပဲ။ ပိုချက်တီနို တယောက် သူ့ရဲ့ အရင်အသင်းတွေမှာ ဘယ်လိုမျိုး အောင်မြင်မှုတွေ ရခဲ့လဲ ဆိုတာ လူတိုင်း သိကြတာပဲလေ။ ပိုချက်တီနိုက အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားသလို ကျွန်တော်က သူ့ရဲ့ ကစားကွက်ထဲမှာ အံဝင်ခွင်ကျ ကစားနိုင်ပါတယ်။ ကျွန်တော်က အသင်းမှာ အရေးပါတဲ့ ကစားသမား တယောက် ဖြစ်ချင်သလို အသင်းနဲ့အတူ ဆုဖလားတွေလည်း ရယူချင်ပါတယ်။ အသင်းမှာ နေရာရဖို့ ခက်ခဲမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်က နံပါတ်၁ဂိုးသမားနေရာ အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ချယ်လ်ဆီးက ကျွန်တော့်ကို ပေးခဲ့တဲ့ အခွင့်အရေးဟာ အရမ်းကို ကြီးမားပါတယ်။ ကျွန်တော်က ဂိုးသမား တယောက်အနေနဲ့ ဒီထက် ပိုတိုးတက်အောင် လုပ်မယ်။ အမြဲတမ်း လေ့ကျင့်နေမယ်။ ပြီးတော့ နံပါတ်၁ နေရာအတွက် တိုက်ပွဲဝင်မယ်။ ကျွန်တော်က လူတိုင်းကို ကျွန်တော် ဘယ်လောက် ကောင်းသလဲ ဆိုတာ ပြသသွားပါမယ်” လို့ ကြုံးဝါးကာ အသင်းဖော် ကီပါကို ပွဲထွက်ခွင့် အတွက် စိန်ခေါ်စကား ပြောကြားသွားခဲ့တာပါ။