ပြင်သစ် နာမည်ကြီး အားကစား မီဒီယာတစ်ခုဖြစ်တဲ့ RMC Sport ရဲ့ ဂျာနယ်လစ်ဖြစ်သူ ဒန်နီရယ်လ် ရီအိုလိုက မာဆေးလ် တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ဟာ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမား ဖြစ်နိုင်တယ်လို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ဒီနှစ်နွေမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ရောဘတ်တို ဒီဇာဘီရဲ့ မာဆေးလ်အသင်းဆီကို အပြီးသတ် ပြောင်းရွှေ့့လာခဲ့ပြီး အခုဆိုရင် မာဆေးလ်အတွက် လီဂူး (၃)ပွဲအထိ ကစားထားပြီးချိန်မှာ လီဂူး (၅)ဂိုးအထိတောင် သွင်းယူထားခဲ့ပါတယ်။

Photo Credit : United in Focus

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ယူနိုက်တက်ကနေ ဂီတာဖေးအသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက် ကစားရင်း ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး ဂီတာဖေးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့သလို ကလပ်အသင်းကြီးတွေဆီကနေ စိတ်ဝင်စားမှုကိုပါ ရရှိလာခဲ့ပါတယ်။

အခုလည်း ဂရင်းဝုဒ်က မာဆေးလ်မှာ အကောင်းဆုံး တောက်ပလို့နေပြီး ဂိုးတွေလည်း ဆက်တိုက် သွင်းယူနေတာကြောင့် သူ့ကို RMC Sport ရဲ့ ဂျာနယ်လစ် ရီအိုလိုက “စစ်မှန်တဲ့ အရည်အသွေးတွေအရ ပထမဆုံး (၃)ပွဲ ကစားပြီးထားချိန် ဂရင်းဝုဒ်က လီဂူးဝမ်းပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်နိုင်တယ်။”

Photo Credit : Yardbarket

“ကျွန်တော်တို့က သူရဲ့ အတိတ်အကြောင်းတွေနဲ့ အင်္ဂလန်မှာ ဘောလုံးကစားခွင့် မရတော့တဲ့ အကြောင်းတွေကို ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးက သူ့ဇာတ်လမ်းကို သိပါတယ်။ ကျွန်တော်တို့က သူရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်အကြောင်းကိုပဲ ပြောကြမှာပါ။ ဒါက လုံးဝ ထူးခြားကောင်းမွန်လွန်းပါတယ်။” လို့ ချီးမွှမ်းပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ ဂရင်းဝုဒ်က မာဆေးလ်နဲ့အတူ လီဂူးဝမ်း (၃)ပွဲ ကစားထားပြီးချိန် သွင်းဂိုး (၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး လက်ရှိ လီဂူးဝမ်းပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေသလို သူရဲ့ စွမ်းဆောင်ရည်တွေကြောင့်လည်း ဂရင်းဝုဒ်ကို ဒီရာသီရဲ့ လီဂူး ဂိုးသွင်းဘုရင်ဆု ရရှိနိုင်မယ့် ကစားသမားအဖြစ် ရေပန်းစားလို့နေပါတယ်။