ဘာစီလိုနာအသင်းဟာ ရေးဗားပလိတ်အသင်းရဲ့ အာဂျင်တီးနား လူငယ် ကြယ်ပွင့်ကစားသမားလေး ကလော်ဒီယို အယ်ချီဗယ်ရီကို ခေါ်ယူနိုင်ဖို့အတွက် အရစ်ကျ ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ရာ ဒီကမ်းလှမ်းမှုကို ရေးဗားပလိတ်ဘက်က ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကွင်းလယ်တိုက်စစ် ကစားသမားလေး အယ်ချီဗယ်ရီဟာ ပြီးခဲ့တဲ့ ယူ-၁၇ အင်ဒိုနီးရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပခဲ့သူဖြစ်ပြီး ဘရာဇီးလ်အသင်းကို ဟက်ထရစ် သွင်းယူခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာပဲ သူ့ကို ဘောလုံးပရိသတ် အများအပြားက သတိထားမိခဲ့ပါတယ်။

Photo Credit : AS USA

လတ်တလောမှာလည်း ဒီကစားသမားလေးကို ဘာစီလိုနာ မန်စီးတီး နဲ့ ချယ်လ်ဆီးအသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ဘာစီလိုနာအသင်းဆိုရင် အယ်ချီဗယ်ရီရဲ့ စာချုပ်လျော်ကြေးဖြစ်တဲ့ ယူရို(၂၅)သန်းကိုမှ နောက်ထပ် (၁၀)သန်းထပ်တိုးပြီး ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါသေးတယ်။

မက်ဆီလက်သစ်လို့ နာမည်ကြီးနေတဲ့ ကစားသမားလေး အယ်ချီဗယ်ရီကို ဘာစီလိုနာဘက်က ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့်လည်း အသင်းက ဘဏ္ဍာရေး အခြေအနေ ကျပ်တည်းမှုတွေ ရှိနေလို့ အရစ်ကျ ကမ်းလှမ်းမှုနဲ့သာ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

Photo Credit : El Futbolero

ရေးဗားပလိတ်အနေနဲ့ကတော့ သူတို့ကစားသမားလေးကို အသင်းမှာ ဆက်ထိန်းထားဖို့ မလွယ်ကူနိုင်ပေမယ့်လည်း ဘာစီလိုနာလို အရစ်ကျ ပေးချေမှုနဲ့ ကမ်းလှမ်းမှုမျိုးကိုတော့ လက်ခံသွားမှာ မဟုတ်ပဲ တစ်ခါတည်း အပြီးသတ် ပေးချေမယ့် ကမ်းလှမ်းမှုကိုသာ အလိုရှိနေပါတယ်။

ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ လီယွန်နယ် မက်ဆီရဲ့ အမာခံ ပရိသတ်တစ်ဦးုဖြစ်လို့ ငယ်စဉ်ကတည်းက ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေကို မလွတ်တမ်း ကြည့်ရှုရင်း ဘာစီလိုနာကို သဘောကျခဲ့ရသလို ရေးဗားပလိတ်ပြီးရင် ဘာစီလိုနာက သူ ကစားအချင်ဆုံး အသင်းလို့ပါ ဝန်ခံထားခဲ့ပါတယ်။