ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၈)မှာ ကစားရခက်တဲ့ ဝုဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပေမယ့် လူစားဝင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ရဲ့ သွင်းဂိုးကြောင့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဝုဗ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဝုဗ်က သရေတမှတ် ခွဲယူနိုင်အောင် ပွဲစကတည်းက ခံစစ်ကို ဦးစားပေး ကစားခဲ့ကာ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကတော့ အနိုင် ၃မှတ် ရယူနိုင်ဖို့ အတွက် တပွဲလုံးနီးပါး တိုက်စစ်ဆင် ကစားသွားခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်က ဝုဗ်ကို ပွဲစကတည်းက တိုက်စစ်ဆင် ကစားခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဂါနာချို ၊ မာရှယ်နဲ့ အန်တိုနီတို့ရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်မှုတို့ကြောင့် ပထမပိုင်းမှာ ဦးဆောင်ဂိုး ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း ရောက်မှသာ လူစားဝင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ရဲ့ လှပတဲ့ သွင်းဂိုးကြောင့် အနိုင် ၃မှတ်ကို ခက်ခက်ခဲခဲ ရရှိခဲ့ပါတယ်။

ဝုဗ် ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်က အရေးကြီးတဲ့ ဆုံးဖြတ်ချက် ၂ခုကို ချမှတ်ခဲ့ပြီး အဲ့ဒါတွေကတော့ အိပ်ပျော်နေတာကြောင့် အသင်းရဲ့ ပွဲကြိုမီတင်ကို လွဲချော်ခဲ့တဲ့ ရက်ဖို့ဒ်ကို ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ခဲ့မှုနဲ့ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ထုတ်မသုံးပဲ ဘယ်နောက်ခံလူ လုခ်ရှောကိုသာ ဗဟိုခံစစ်မှူး အဖြစ် အသုံးပြုခဲ့မှုတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အထူးသဖြင့် တန်ဟက်ဂ်က မက်ဂွိုင်းယား ရှိနေသည့်တိုင် ဘယ်နောက်ခံလူ လုခ်ရှောကို ဘယ်ခြမ်းခံစစ်မှူး အဖြစ် အသုံးပြုခဲ့မှုဟာ တန်ဟက်ဂ်က မက်ဂွိုင်းယားအား မယုံကြည်တော့တာကို သက်သေပြနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ခံစစ်မှူး တဦး ဖြစ်သူ ရီယို ဖာဒီနန်ကတော့ အင်္ဂလန်ရဲ့ အဓိက ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားဟာ အသင်းပြောင်းဖို့ စဉ်းစားရမယ့် အချိန်ကို ရောက်ပြီလို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ရီယို ဖာဒီနန်က – “တကယ်လို့ ကျွန်တော်သာ မက်ဂွိုင်းယားရဲ့ နေရာမှာ ဆိုရင် အသင်းသစ် တသင်း ရှာဖွေနေပါပြီ။ ခင်ဗျားတို့တွေက သူဟာ အင်္ဂလန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကို တွေ့ကြမှာပါ။ သူက အင်္ဂလန်မှာဆိုရင် အစားထိုးလို့ မရတဲ့ ခံစစ်မှူးပဲ ဖြစ်ပါတယ်။ မက်ဂွိုင်းယားက အင်္ဂလန်မှာဆိုရင် အမှားလည်း လုပ်လေ့ မရှိပါဘူး။ သူ ဆော့တဲ့ ပုံစံ ၊ သူ့ရဲ့ အသင်းအပေါ် ကူညီမှုတွေက အတော်လေးကို သေသပ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာ ဆိုရင်တော့ သူက အဲ့ဒီ ပုံစံကောင်းတွေကို မပြသနိုင်ပါဘူး။ ပြီးတော့ နည်းပြသစ်ရဲ့ လူစာရင်း ရွေးချယ်မှုတွေကလည်း ဟယ်ရီ မက်ဂွိုင်းယားဟာ သူ့အတွက် အရေးပါတဲ့ ခံစစ်မှူး တဦး မဟုတ်တော့တာကို ပြသနေပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။