ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရီယို ဖာဒီနန်က တိုက်စစ်မှူး ၁ဦး ခေါ်ယူဖို့ လိုအပ်နေတဲ့ အာဆင်နယ်ဟာ နယူးကာဆယ် တိုက်စစ်မှူး အိုင်ဆက်ခ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အာဆင်နယ်က တိုက်စစ်ပိုင်းမှာ ဂျေဇူးနဲ့ အန်ခီးတီးယား စတဲ့ တိုက်စစ်မှူး ၂ဦးကို ပိုင်ဆိုင်ထားပေမယ့် နှစ်ဦးစလုံးက နံပါတ်၉ တိုက်စစ်မှူး အဖြစ် မကစားနိုင်တာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် နံပါတ်၉ တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ရှာဖွေနေပါတယ်။

Photo Credit: The Sun

အာဆင်နယ်က ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနေး ၊ ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ် စတဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ဦးစလုံးက သက်ဆိုင်ရာ ကလပ်တွေမှာ ရာသီကုန် အထိ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အခြား တိုက်စစ်မှူးတွေကို လိုက်လံ ချိတ်ဆက်နေရပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ရီယို ဖာဒီနန်ကတော့ အာဆင်နယ်ဟာ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ကစားသမားကောင်းတွေ ရောင်းထုတ်မယ်လို့ ကြေညာထားတဲ့ နယူးကာဆယ်ရဲ့ တိုက်စစ်မှူး အိုင်ဆက်ခ်ကို ခေါ်ယူသင့်ကြောင်း အကြံပေးလာပါတယ်။

Photo Credit: Tribuna

ရီယို ဖာဒီနန်က – “အိုင်ဆက်ခ်က နယူးကာဆယ်နဲ့ မန်ချက်စတာ စီးတီးပွဲမှာ စီးတီးရဲ့ ခံစစ်ကြောင်း အနောက်ကို တရစပ် ပြေးလွှားရင်း အလုပ်ရှုပ်စေခဲ့ပါတယ်။ ကျွန်တော်သာ အာဆင်နယ်ရဲ့ တာဝန်ရှိသူ ဆိုရင် အိုင်ဆက်ခ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ နယူးကာဆယ်က ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် အသင်းကြီး တသင်းကသာ အိုင်ဆက်ခ်ကို ခေါ်ယူဖို့ ကြိုးစားလာမယ် ဆိုရင် သူတို့က ရောင်းချပါလိမ့်မယ်။ ဒါမှလည်း သူတို့က လိုအပ်နေတဲ့ တခြားနေရာတွေကို ကစားသမားသစ်တွေနဲ့ ဖြည့်တင်းနိုင်မှာပေါ့” လို့ ပြောကြားသွားခဲ့တာပါ။

အသက် ၂၄နှစ် အရွယ် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး အလက်ဇန်းဒါး အိုင်ဆက်ခ်က ယခုနှစ်ရာသီမှာ နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၁၄ဂိုး သွင်းယူပေးထားပြီး နယူးကာဆယ်ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင် ကမ်းလှမ်းမှု ရောက်ရှိလာရင် အိုင်ဆက်ခ်ကို ရောင်းချနိုင်ချေ ရှိနေပါတယ်။