မန်ချက်စတာယူနိုက်တက်ဒ်အသင်းရဲ့ ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က ယူနိုက်တက်ဒ်ရဲ့ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပြီး အန်တိုနီ ကစားပုံက ဘယ်ကစားသမားကိုမှ မဖြတ်ကျော်နိုင်သလိုမျိုးကို ဖြစ်နေရတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ယူနိုက်တက်ဒ်နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ အေဂျက်စ်အသင်းမှာကတည်းက လက်တွဲခဲ့ဖူးသူ အသက်(၂၂)နှစ်အရွယ် အန်တိုနီဟာ ယူနိုက်တက်ဒ်ကို စတင် ရောက်ရှိလာတုန်းက တာထွက်ဂိုးပါ သွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ အသင်းအတွက် အကျိုးမပြုနိုင်တော့ပဲ ပွဲထွက်ကစားခွင့်ရတိုင်း လူစားသာ အလဲခံနေရပါတယ်။ ယူနိုက်တက်ဒ်က သူ့အတွက် ပြောင်းရွေ့ကြေးကို ပေါင်(၈၆)သန်းအထိ သုံးစွဲထားခဲ့ရပေမယ့်လည်း အန်တိုနီကတော့ အေဂျက်စ်အသင်းမှာတုန်းကလို ခြေစွမ်းမျိုးတွေ စွမ်းဆောင်ရည်မျိုးတွေ မပြသနိုင်သလို ဘယ်ကစားသမားကိုမှ ကျော်ဖြတ်နိုင်တာမျိုး မပြုလုပ်နိုင်သလို ဖြစ်နေတယ်လို့ ဖာဒီနန်က ထောက်ပြလာခဲ့ပါတယ်။

Rio Ferdinand slams Manchester United star Antony: 'He can't beat anyone!' | Football | Metro News

Photo Credit : Metro

အန်တိုနီနဲ့ ပတ်သတ်ပြီး ဖာဒီနန်က “သူ ဘယ်သူ့ကိုမှ ကျော်ဖြတ်သွားတာ မရှိဘူး။ ကျွန်တော် ထိုင်နေပြီး စဉ်းစားမိတယ်။ ဒါက အမြဲတမ်းပဲလားဆိုပြီး။ သူ အေဂျက်မှာတုန်းက ကစားခဲ့တဲ့ ဗီဒီယိုဖိုင်တွေကို ကျွန်တော် မြင်ဖူးပါတယ်။ အဲ့ဒီမှာဆိုရင် သူက ကစားသမားတိုင်းကို ကျော်ဖြတ်နိုင်ခဲ့သူပါ။ အပြေးသန်လွန်းသူ မဟုတ်တဲ့ သောမတ်စ်ပါတေးတောင် သူ့ကို လုံးလုံးလျားလျားကြီး ကျော်လွန်အောင် ပြေးသွားနိုင်တယ်ဆိုတော့ အိုး အန်တိုနီက သူ့ခြေထောက်တွေမှာ စွမ်းအားတွေ အများကြီး ရှိမနေတော့ဘူးလို့တောင် ကျွန်တော် တွေးမိသွားသေးတယ်။ သူက လှည့်စားတတ်တဲ တောင်ပံကစားသမားတစ်ဦးပါ။ ဒါပေမယ့် ဒီလို ကစားသမားမျိုး ရှိနေတယ်ဆိုရင် ဒီကစားသမားနဲ့ နောက်ခံလူတွေကို အနိုင်ယူ ကျော်ဖြတ်နိုင်တာမျိုးပဲ ဖြစ်စေချင်မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘရာဇီးလ် လက်ရွေးစင် တောင်ပံကစားသမား အန်တိုနီဟာ သူရဲ့ ယူနိုက်တက်ဒ်ကစားသမားဘဝ တာထွက်မှာပဲ ဂိုးတစ်ဂိုး သွင်းယူထားနိုင်ပြီး လက်ရှိအချိန်ထိလည်း အသင်းအတွက် (၅)ဂိုး သွင်းယူထားနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ အောက်တိုဘာလလယ် နောက်ပိုင်းကတည်းက အသင်းအတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှကို မလုပ်ဆောင်သလို စွမ်းဆောင်ရည်ပိုင်းက ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေရပါတယ်။