ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပဲ စပါးနဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရစ်ချာလီဆန်က စိတ်ဓါတ်ကျဆင်းမှုတွေ ဖြစ်ပွားခဲ့ရင်း သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ဖို့အထိပါ စဉ်းစားဖြစ်ခဲ့မိတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ရစ်ချာလီဆန်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် သွင်းဂိုး (၃)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို ဆာဘီးယားနဲ့ပွဲမှာလည်း အတော်လေး လှပတဲ့ ဂိုးကို သွင်းယူခဲ့ရင်း ဒီဂိုးကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါသေးတယ်။

Photo Credit : Squawka

ဒါပေမယ့် ရစ်ချာလီဆန်ရဲ့ ဘရာဇီးလ်အသင်းက ကွာတားဖိုင်နယ်အဆင့်ကနေပဲ လှည်ပြန်ခဲ့ရတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပဲ ရစ်ချာလီဆန်က စိတ်ကျရောဂါကို စတင် ခံစားမိခဲ့ရတယ်လို့ ESPN Brasil နဲ့ အင်တာဗျူးအစီအစဉ်မှာ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

“ကမ္ဘာ့ဖလားတုန်းက ကျွန်တော်ရဲ့ အကောင်းဆုံးပုံစံနဲ့ ကစားခဲ့တယ်။ ကျွန်တော်က ကျွန်တော်ရဲ့ ကန့်သတ်ချက်ကို ရောက်နေခဲ့ပြီ။ ကျွန်တော် ကိုယ့်ကိုကိုယ် သတ်သေဖို့အကြောင်းတွေ မပြောတော့ပါဘူး။ ဒါပေမယ့် ကျွန်တော် စိတ်ဓါတ်တွေ ကျဆင်းခဲ့ပြီးတော့ လုံးဝ စွန့်လွှတ်လိုက်ချင်သလိုအထိပါ ဖြစ်လာခဲ့တယ်။”

Photo Credit : The Athletic

“စိတ်ဓါတ်ကြံခိုင်တဲ့ ပုံစံမျိုး ဖြစ်နေရတဲ့ ကျွန်တော်တောင်မှ ကမ္ဘာ့ဖလားအပြီးမှာပဲ အားလုံးဟာ ပြိုကွဲသွားသလို ဖြစ်ခဲ့ရတယ်။ စိတ်ရောဂါ ကုထုံးဆရာဝန်က ကျွန်တော့်ဘဝကို ကယ်တင်ခဲ့တယ်လို့ ထင်ပါတယ်။ ငါက တကယ့်ကို အမှိုက်တွေကိုပဲ တွေးနေမိခဲ့တာ။ Google မှာတောင်မှ အမှိုက်တွေပဲ ရှာနေမိခဲ့တယ်။ သေခြင်းတရားနဲ့ ပတ်သက်တဲ့ အမှိုက်တွေကိုပဲ မြင်ချင်မိခဲ့တယ်။”

“ကမ္ဘာ့ဖလားအပြီးတုန်းက ကျွန်တော် အဖေဆီကိုသွားပြီး ဖေဖေ ကျွန်တော်တော့ ဒါကို စွန့်လွှတ်လိုက်ချင်ပြီလို့ပါ ပြောခဲ့မိသေးတယ်။ ဒါက တကယ် ရူးသွပ်စရာပါပဲ။ ဒါကြောင့် ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီဆိုရင် စိတ်ပညာရှင် ဆရာဝန်တစ်ဦးကို ရှာဖွေပြီး ဖွင့်ပြောလိုက်တာ အကောင်းဆုံးပဲလို့ ကျွန်တော် ပြောချင်တယ်။” လို့ ရစ်ချာလီဆန်က ပြောကြားသွားခဲ့ပါတယ်။