ဘောလုံးလောကရဲ့ ကြားဖြတ်ဘုရင် အဖြစ် တင်စားခံထားရတဲ့ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးက အဲဗာတန်ကနေ စပါးထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်ကို စပါးရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် အောင်မြင်မှု မရခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသင်းပိုင်ရှင်သစ် ဘိုလီကိုယ်တိုင် ဦးဆောင်ကာ ကစားသမားသစ် ခေါ်ယူရေး ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား နှစ်ဦးကို မဖြစ်မနေ အရ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး သူတို့ရဲ့ ပစ်မှတ် ကစားသမားတွေကတော့ လိဒ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ဟာ ၊ မန်ချက်စတာ စီးတီး တောင်ပံတိုက်စစ် ကစားသမား စတာလင်းနဲ့ ရစ်ချာလီဆန်တို့ပဲ ဖြစ်ပါတယ်။

Photo Credit: Sports Brief

ယခုအချိန်မှာ ချယ်လ်ဆီးက မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေသလို လိဒ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ အသင်းချင်း သဘောတူညီမှု ရထားပေမယ့် ရာဖင်ဟာက သူတို့အသင်းထက် ဘာစီလိုနာဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေခဲ့ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက အဲဗာတန်ကနေ စပါးထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း + အပိုဆုကြေး ပေါင် ၁၀သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ရစ်ချာလီဆန်ကို ကြားဖြတ် ခေါ်ယူနိုင်ဖို့ ယနေ့မနက် အစောပိုင်းမှာပဲ အဲဗာတန်ထံ ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းနဲ့ ကမ်းလှမ်းခဲ့သလို ရစ်ချာလီဆန်ဆီလည်း ချဉ်းကပ်ခဲ့ပေမယ့် ရစ်ချာလီဆန်ကတော့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Sports Brief

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ချယ်လ်ဆီးဟာ ရစ်ချာလီဆန်ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ရစ်ချာလီဆန်က လာမယ့် သီတင်းပတ်ထဲမှာပဲ စပါးရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိကြောင်းပါ ဆိုထားပါတယ်။