ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မီကာရစ်ချက်ကတော့ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရခဲ့တာကြောင့် မန်ချက်စတာ စီးတီးရဲ့ ဖလားလုဘက် အာဆင်နယ်ဟာ စိတ်ဓာတ်ကျနေလောက်ပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးက ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အာဆင်နယ်နဲ့ အပြိုင် ကြိုးပမ်းနေရပြီး ယနေ့မနက်မှာတော့ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၂၇) အဖြစ် အာဆင်နယ် ဂန္တဝင် ဗီအဲရာ ကိုင်တွယ်နေတဲ့ ခရစ္စတယ် ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပါတယ်။

Photo Credit: Standard

ခရစ္စတယ် ပဲလေ့စ်က မန်ချက်စတာ စီးတီးနဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်းတွေ ရတတ်တာကြောင့် အဆိုပါပွဲဟာ မန်ချက်စတာ စီးတီး အတွက် ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပေမယ့် ချန်ပီယံဘွဲ့ကို ကာကွယ်ချင်နေတဲ့ မန်ချက်စတာ စီးတီးက ဟာလန်းရဲ့ တလုံးထဲသော ပင်နယ်တီသွင်းဂိုးနဲ့အတူ လိုချင်တဲ့ ရမှတ် ၃မှတ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။

ယနေ့ညမှာတော့ မန်ချက်စတာ စီးတီးရဲ့ ဖလားလုဘက် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၇) အဖြစ် ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အာဆင်နယ်က မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၅မှတ် ကွာဟချက်ကို ဆက်လက် ထိန်းသိမ်းချင်ရင် ဖူလ်ဟမ်နဲ့ပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

Photo Credit: Standard

မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ မီကာရစ်ချက်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေချိန်မှာ ပြိုင်ဘက် မန်ချက်စတာ စီးတီးက နိုင်ပွဲ အရင် ရသွားခဲ့လို့ အာဆင်နယ် အတွက် ဖိအားတွေ ပိုများလာဖို့ ရှိနေကြောင်းနဲ့ အာဆင်နယ်ရဲ့ ကစားသမားတွေဟာ ဖူလ်ဟမ်နဲ့ပွဲကို မကစားခင်ထဲက စိတ်ဓာတ်ကျနေလောက်ပြီလို့ သုံးသပ်သွားခဲ့ပါတယ်။

မီကာရစ်ချက်က – “မန်စီးတီးက သူတို့ရဲ့ အကောင်းဆုံးပုံစံကို မရခဲ့တာတောင်မှ နိုင်ပွဲ တပွဲ ရအောင် ယူနိုင်ခဲ့ပါတယ်။ ကျွန်တော် ကစားခဲ့တုန်းက အဖြစ်အပျက်တွေကို ပြန်ပြောရရင် ချန်ပီယံလုပွဲထဲ ရောက်နေရင် ပြိုင်ဘက်ရဲ့ ပွဲတွေကို ကြည့်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ရဲ့ ကစားသမားတွေကလည်း မန်ချက်စတာ စီးတီးရဲ့ ပွဲတွေကို ကြည့်ကြပါလိမ့်မယ်။ မန်စီးတီးက သူတို့ရဲ့ ပုံမှန်ခြေစွမ်းကို မရခဲ့တာတောင် ပင်နယ်တီနဲ့ နိုင်ပွဲ ရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီအချက်က အာဆင်နယ် ကစားသမားတွေကို စိတ်ဓာတ်ကျစေပါလိမ့်မယ်။ ကျွန်တော်တို့တွေ မန်ယူနဲ့ ချန်ပီယံလုခဲ့ရတုန်းကလည်း အဲ့ဒီလိုမျိုး ခံစားခဲ့ရတာပါ။ ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေတဲ့ အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိတတ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။