ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို အင်္ဂလန်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဒီကလန်ရိုက်စ်က သူတို့ရဲ့ အင်္ဂလန်အသင်းဟာ တခြား နာမည်ကြီး နိုင်ငံအသင်းတွေကို ကျော်ဖြတ်ကာ နိုင်ငံတကာ ဆုဖလားတွေကို သိမ်းပိုက်ရမယ့် အချိန်ကို ရောက်နေပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်က ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားသူ ဖြစ်ပြီး သူက ဘယ်လင်ဟမ် ၊ ကယ်ဗင်ဖီးလစ်တို့နဲ့ တွဲဖက်ကာ အင်္ဂလန်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနေသူပါ။

Photo Credit: 90 Min

ဒီကလန်ရိုက်စ်ရဲ့ အင်္ဂလန်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး နိုင်ငံအသင်းတွေထဲက တသင်း ဖြစ်ပြီး ဟယ်ရီကိန်း ၊ ထရစ်ပီယာ ၊ ရက်ဖို့ဒ် ၊ ဂရီးလစ်ရှ် ၊ ဂျွန်စတုန်း ၊ လုခ်ရှော စတဲ့ ခြေစွမ်းရော ၊ အတွေ့အကြုံပိုင်းပါ အကောင်းဆုံး အနေအထားကို ရောက်နေတဲ့ ကစားသမားတွေ ရှိနေသလို ဆာကာ ၊ ဖိုဒန် ၊ ဘယ်လင်ဟမ် ၊ မေဆန်မောင့် စတဲ့ လူငယ်ကြယ်ပွင့်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် အင်္ဂလန်က လက်ရှိအချိန် အထိ နိုင်ငံတကာ ဆုဖလားတွေကို သိမ်းပိုက်ထားနိုင်ခြင်း မရှိသေးပဲ နောက်ဆုံး ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်ကို ကွာတားဖိုင်နယ်မှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: 90 Min

ဒါကြောင့်ပဲ ဒီကလန်ရိုက်စ်က သူတို့အသင်းဟာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအား မှတ်ထားကာ ခြေစွမ်းတွေ ပိုကောင်းလာအောင် ကြိုးစားဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့သလို အဓိက ပြိုင်ဘက်တွေကို အနိုင်ယူကာ ဆုဖလားတွေကို သိမ်းပိုက်ရမယ့် အချိန်ကို ရောက်လာပြီလို့ ပြောကြားသွားခဲ့တာပါ။

ဒီကလန်ရိုက်စ်က – “ကျွန်တော်တို့က အဲ့ဒီပွဲကို (ပြင်သစ်ကို ရှုံးခဲ့တဲ့ပွဲ) သင်ခန်းစာ ယူပြီး ပိုကြိုးစားရပါမယ်။ ကျွန်တော်တို့က အဲ့ဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် အပြုသဘောဆောင်တဲ့ တချို့အရာတွေကို ရခဲ့တယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ တသင်းလုံးရဲ့ ကိုယ်စား ပြောရရင် ကျွန်တော်တို့က ထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ခြေစွမ်းပိုင်းအရ နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ ကိုယ်တိုင် ကြိုးစား အားထုတ်ရပါမယ်။ ကျွန်တော်တို့က ထိပ်သီးအသင်းတွေကို အနိုင်ယူပြီး ဆုဖလားတွေ သိမ်းပိုက်ရမယ့် အချိန်ကို ရောက်နေပါပြီ။ ဒါက ကျွန်တော်တို့တွေ ထားရမယ့် စိတ်ဓာတ်ပါပဲ။ ကျွန်တော်တို့က မနက်ဖြန်ညမှာ ကစားရမယ့် အီတလီနဲ့ ပွဲမှာ အဲ့ဒီလို စိတ်ဓာတ်မျိုးကို ပြပြီး အနိုင်ရအောင် ကြိုးစားသွားပါမယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။