ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ် ဂျိမ်းစ်က မနက်ဖြန် (ဗုဒ္ဓဟူးနေ့) မှာကစားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအဖွင့်ပွဲစဉ်မတိုင်ခင်မှာ သူတို့အသင်း ၂၀၂၁ ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ညဟာ သူ့ဘဝရဲ့ အထူးခြားဆုံးည ဖြစ်ခဲ့ကြောင်း ပြန်လည်ပြောကြားလိုက်ပြီး အဆိုပါ ဥရောပအောင်မြင်မှုကို နောက်တစ်ကြိမ် ထပ်မံရယူဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ရာသီနှစ်ခုကြာ အဆိုပါပြိုင်ပွဲနဲ့ ကင်းကွာခဲ့ပြီးနောက်မှာ ဥရောပရဲ့ elite များကြားကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီကြားကာလအတွင်းမှာတော့ သူတို့ဟာ Conference League နဲ့ Club World Cup ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကိုတော့ ၂၀၁၂ ခုနှစ်က သူတို့အသင်း သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ Allianz Arena ကွင်းကြီးမှာပဲ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Photo Credit : Chelsea Football Club
နည်းပြ အန်ဇို မာရက်စကာရဲ့အသင်းဟာ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ဘိုင်ယန်မြူးနစ်အပြင် လာလီဂါချန်ပီယံ ဘာစီလိုနာ၊ စီးရီးအေချန်ပီယံ နာပိုလီနဲ့ အတ္တလန်တာတို့လို အသင်းတွေနဲ့လည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
အသက် (၂၁)နှစ်အရွယ်မှာ သောမတ်စ် တူဟယ်လ်ရဲ့ လက်အောက်မှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ဖူးခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ရီးစ် ဂျိမ်းစ်က အဆိုပါအောင်မြင်မှုကို အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ထပ်မံရယူချင်ကြောင်း ချယ်လ်ဆီးဝက်ဘ်ဆိုဒ်ကို အခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်တော် အဲ့ဒီဆုဖလားကို အရမ်းငယ်ရွယ်တဲ့အသက်အရွယ်မှာ ရယူနိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ကစားသမားဘဝအစောပိုင်းမှာ ဒီလောက်မြန်မြန်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဒါပေမဲ့ ဒီဆုဖလားကို နောက်တစ်ကြိမ် ထပ်မံရယူချင်ပါတယ်။ အဲ့ဒီညက တကယ့်ကို အထူးခြားဆုံးညတစ်ညပါပဲ။”
Photo Credit : Chelsea Football Club
“ချယ်လ်ဆီးအသင်းခေါင်းဆောင်ဖြစ်ဖို့ဆိုတာ ကျွန်တော်အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့အရာပါ၊ အထူးသဖြင့် ချန်ပီယံလိဂ်မှာပေါ့။ ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီကို အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့တယ်။ ဒီရာသီမှာ အဲ့ဒီအပေါ်မှာ အခြေခံပြီး တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တခြားလူတွေပြောတာကို ကျွန်တော်ဂရုမစိုက်ပါဘူး၊ ကျွန်တော်တို့ နားလည်ယုံကြည်မှုရှိနေသရွေ့ ဘာမဆို အောင်မြင်နိုင်ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့အသင်းနဲ့ဆိုရင် အဝေးကြီးသွားနိုင်တယ်ဆိုတာ ကျွန်တော်တို့သိတယ်။ အဲ့ဒါကပဲ အရေးအကြီးဆုံးပါ” လို့ သူက ဆိုပါတယ်။