ချယ်လ်ဆီးအသင်းကတော့ ဒဏ်ရာ ပြသာနာဆိုးတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို အတော်လေး ခံစားနေရပြီး အခုလည်း အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်က အနည်းဆုံး (၃)လခန့်လောက်အထိ အနားယူသွားရတော့မှာပဲ ဖြစ်ပါတယ်။

အသက် (၂၄)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံကစားသမား ရီးစ်ဂျိမ်းစ်ဟာ အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း ပေါင်တွင်းကြောဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ရတာကြောင့် ချက်ချင်း လူစားလဲခဲ့ရပါတယ်။

Photo Credit : Football London

အခုတော့ ရီးစ်ဂျိမ်းစ်ဟာ ဒီဒဏ်ရာကြောင့် မတ်လလောက်မှာပဲ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မှာဖြစ်ပြီး ဒါက ချယ်လ်ဆီးအတွက်တော့ ဆိုးရွှားတဲ့ ထိုးနှက်ချက်တစ်ခုပါ ဖြစ်သွားစေခဲ့ရပါတယ်။

ရီးစ်ဂျိမ်းစ်ဟာ ချယ်လ်ဆီးအသင်းရဲ့ အားအထားရဆုံး အကယ်ဒမီထွက် အရည်အသွေးမြင့် ကစားသမားတစ်ဦး ဖြစ်နေပေမယ့််လည်း ဒဏ်ရာ ပြသာနာတွေ မကြာခဏ ရရှိနေတက်တာက သူ့အတွက်ရော အသင်းအတွက်ပါ နစ်နာနေစေရပါတယ်။

Photo Credit : Ben Jacobs

ဒီရာသီအစမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်ပေါင်း (၉)ပွဲအထိ လွဲချော်ခဲ့ရတဲ့ ရီးစ်ဂျိမ်းစ်ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလို့ အသင်းအတွက် ပြန်ကစားပေးနေစဉ်အတွင်းမှာပဲ နောက်ထပ် ဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ရတာ ဖြစ်ပါတယ်။

ရီးစ်ဂျိမ်းစ်ရဲ့ ဒဏ်ရာ အခြေအနေတွေကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ညာခြမ်းခံစစ် နေရာအတွက်ပါ ကစားသမားတစ်ဦး ထပ်မံ အားဖြည့်ရဖို့ ရှိနေပြီး နောက်ပိုင်းပွဲတွေမှာတော့ ဘယ်နောက်ခံလူ ကူကူရယ်လာကိုပါ ညာခြမ်းအထိ ပြောင်းလဲ အသုံးပြုလျက် ရှိနေပါတယ်။