ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂျေမီ ရက်နက်ဒ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြချုပ် ယာဂင် ကလော့ပ်နဲ့ လမ်းခွဲရမယ့် လီဗာပူးဟာ သူတို့အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ စတီဗင် ဂျာရတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေးလိုက်ပါတယ်။

အသက် ၅၆နှစ် အရွယ် ဂျာမန်လူမျိုး ထိပ်သီးနည်းပြ ယာဂင် ကလော့ပ်က ၂၀၁၅ခုနှစ်မှ စတင်ကာ လီဗာပူးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက လီဗာပူးကို ဆယ်စုနှစ် တစုနီးပါး ကိုင်တွယ်ခဲ့ပြီးနောက် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လီဗာပူးကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာထားပါတယ်။

Photo Credit: Football 365

ကလော့ပ်က နည်းပြတဦး အဖြစ် ကာလရှည် လုပ်ကိုင်ခဲ့တာကြောင့် အနားယူချင်လာတဲ့ အတွက် သူ ချစ်ရတဲ့ လီဗာပူးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ကလော့ပ်က လီဗာပူးကနေ ထွက်ခွာပြီးရင် အနည်းဆုံး ၁နှစ် ကြာတဲ့ အထိ နည်းပြလောက ကနေ ခေတ္တ အနားယူဖို့ စီစဉ်ထားပါတယ်။

လီဗာပူးကလည်း သူတို့ရဲ့ သက်တော်ရှည်နည်းပြကြီး ယာဂင် ကလော့ပ်ရဲ့ ဆန္ဒကို လေးစားတာကြောင့် ကလော့ပ်ကို အသင်းမှာ ဆက်နေဖို့ အတင်းအဓ္မမ မဖြောင်းဖျတော့ပဲ ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြတွေကို လိုက်လံ ရှာဖွေနေပြီး လတ်တလောမှာ လီဗာပူးက အသင်းရဲ့ ကစားသမားဟောင်း ဇာဘီ အလွန်ဆို ၊ ဘရိုက်တန်နည်းပြချုပ် ဒီဇာဘီနဲ့ စပို့တင်း လစ္စဘွန်း နည်းပြချုပ် အမိုရင်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: The Sun

လီဗာပူးက လတ်တလောမှာ နာမည်ကြီးနေတဲ့ နည်းပြတွေကိုသာ ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် စပါးကစားသမားဟောင်း ရက်နက်ဒ်ကတော့ လီဗာပူးဟာ အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖြစ်သလို ရိန်းဂျားနဲ့လည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ဖူးတဲ့ စတီဗင် ဂျာရတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေးလာခဲ့ပါတယ်။

ရက်နက်ဒ်က – “ကျွန်တော်က လီဗာပူးရဲ့ နည်းပြချုပ်ရာထူးနဲ့ ထိုက်တန်တဲ့ နည်းပြကို ပြောပြချင်ပါတယ်။ လူတွေကတော့ ကျွန်တော့်ရဲ့ စကားကို နားထောင်ပြီးရင် “ဒီလူ ရူးသွားပြီလား” လို့ ပြောချင် ပြောပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပြောပါမယ်။ ကျွန်တော်က စတီဗင် ဂျာရတ်ကို လီဗာပူးရဲ့ နည်းပြချုပ်နေရာ အတွက် ထောက်ခံပါတယ်။ ကျွန်တော်က အခုချိန်အထိ ဂျာရတ်ကို ယုံကြည်နေဆဲပါပဲ။ ကျွန်တော်က လူတွေရဲ့ အမြင်တွေကို စိတ်မဝင်စားပါဘူး” လို့ ပြောကာ ဂျာရတ်ဟာ လီဗာပူးနည်းပြချုပ် ဖြစ်သင့်ကြောင်း ထောက်ပြ အကြံပေးသွားခဲ့တာပါ။