ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို အင်္ဂလန် ဘောလုံးလောကရဲ့ သက်တော်ရှည် နည်းပြကြီးလည်း ဖြစ်တဲ့ ဟယ်ရီ ရက်နက်ပ်က မကြာခင် ယှဉ်ပြိုင် ကစားတော့မယ့် နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ အင်္ဂလန်အတွက် ဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့ အာဆင်နယ် ညာနောက်ခံလူ ဘန်ဝှိုက်ရဲ့ လုပ်ရပ်က ရွံစရာကောင်းတယ်လို့ ပြောကာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

အသက် ၇၇နှစ် အရွယ် အင်္ဂလိပ်လူမျိုး ဟယ်ရီ ရက်နက်ပ်က လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်ပြီး သူက ပို့စ်မောက်နဲ့အတူ အက်ဖ်အေဖလားကိုလည်း ဆွတ်ခူး ရယူခဲ့ဖူးပါတယ်။

Photo Credit: Standard

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် အာဆင်နယ် ညာနောက်ခံလူ ဘန်ဝှိုက်က ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်နဲ့အတူ တောက်ပနေတဲ့ ညာနောက်ခံလူ ဖြစ်ပြီး သူက အာဆင်နယ်အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

ဘန်ဝှိုက်က အာဆင်နယ်နဲ့အတူ အမြင့်ပျံနေတာကြောင့် အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်က မတ်လ ၂၄ရက်နေ့မှာ ကစားရဖို့ ရှိနေတဲ့ ဘရာဇီးလ်နဲ့ နိုင်ငံတကာခြေစမ်းပွဲ ၊ မတ်လ ၂၇ရက်နေ့မှာ ကစားဖို့ စီစဉ်ထားတဲ့ ဘယ်လ်ဂျီယံနဲ့ နိုင်ငံတကာခြေစမ်းပွဲ စတဲ့ ၂ပွဲ အတွက် ဘန်ဝှိုက်ကို ရွေးချယ်ချင်ခဲ့ပေမယ့် ဘန်ဝှိုက်ကတော့ အင်္ဂလန်အတွက် ပါဝင် ကစားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဘောလုံးရေးရာ သုံးသပ်သူ အများအပြားက အင်္ဂလန်အတွက် ပါဝင် ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဘန်ဝှိုက်ကို ဝေဖန်မှုတွေ လုပ်နေကြပြီး ဟယ်ရီ ရက်နက်ပ်ကတော့ အင်္ဂလန်အတွက် ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဘန်ဝှိုက်ရဲ့ လုပ်ရပ်ဟာ ရွံစရာကောင်းသလို အင်္ဂလန်အသင်းက ဘန်ဝှိုက်ကို ဘယ်တော့မှ အင်္ဂလန်လက်ရွေးစင် အဖြစ် ထပ်မရွေးသင့်တော့ဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Euro Sports

ဟယ်ရီ ရက်နက်ပ်က – “ဆောက်ဂိတ်ကတော့ ဘန်ဝှိုက်အတွက် အင်္ဂလန်အသင်းမှာ တံခါးပွင့်နေဆဲပဲလို့ ပြောထားပါတယ်။ ဒါပေမယ့် တကယ်တော့ သူ့အတွက် ဖွင့်ထားတဲ့ တံခါးကို ပိတ်လိုက်သင့်ပါပြီ။ အင်္ဂလန်အတွက် ကစားပေးခွင့် ရတာတောင် မကစားပေးချင်ဘူး ဆိုတဲ့ ကစားသမားဆီကနေ ဘာတွေ မျှော်လင့်နေတာလဲ။ ဘန်ဝှိုက်ရဲ့ လုပ်ရပ်က ရွံစရာကောင်းလွန်းပါတယ်။ ကျွန်တော်ဖြင့် သူက ဘာကြောင့် အဲ့ဒီလို လုပ်ခဲ့ရသလဲ ဆိုတာကို နားမလည်နိုင်ပါဘူး။ သူက အင်္ဂလန်အတွက် မကစားပေးချင်ဘူး ဆိုရင် ဒါက အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူ့ကို အင်္ဂလန်လက်ရွေးစင် အဖြစ် ထပ်မရွေးသင့်တော့ပါဘူး။ သူက အင်္ဂလန်အတွက် ကစားပေးရတာဟာ ဂုဏ်ယူစရာလို့ တွေးသင့်ပါတယ်။ လက်တဖက် အဖြတ်ခံရမယ် ဆိုရင်တောင် အင်္ဂလန်အတွက် ကစားပေးချင်တဲ့ ကစားသမားတွေ အများကြီး ရှိနေဆဲပါပဲ” လို့ ပြောကြားကာ ဘန်ဝှိုက်ကို ဝေဖန်သွားခဲ့တာပါ။